iPhone 5C များ ပြည်တွင်းဈေးကွက်၌ တင်သွင်းရောင်းချသူ နည်းပါး
Apple Product များအား ပုံမှန်တင်သွင်း ရောင်းချသူ အများစုမှာလည်း iPhone 5c အား တင်သွင်းရောင်းချခြင်း သိပ်မရှိဘဲ 5S များကိုသာ အများဆုံးတင်သွင်း ရောင်းချပေးလျက် ရှိကြကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်း ဈေးကွက်အတွင်းရှိ တင်သွင်းရောင်းချသူ တစ်ဦးမှပြောပြရာတွင် “ခုအသစ်ထွက်လာတဲ့ iPhone 5s နဲ့ 5c နှစ်မျိုးမှာ ကျွန်တော်တို့ 5s တစ်မျိုးတည်းကိုပဲ တင်သွင်းရောင်းချ ပါသေးတယ်။ 5c ကိုမေးတဲ့သူတွေတော့ နည်းနည်းပါးပါး ရှိပါတယ်။ တချို့ကလည်း အွန်လိုင်းမှာ ပုံကြည့်လာကြတယ်။ 5c က စထွက်တုန်းက ဈေးနှုန်းသက်သက်သာသာနဲ့ တန်ဖိုးနည်းဖုန်းအဖြစ် ထွက်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်း ထွက်လာတဲ့အချိန်မှာ ဈေးနှုန်းက iPhone ၅ ခုလက်ရှိဈေးနဲ့ သိပ်မကွာဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ဈေးကွက်ထဲကိုသွင်းလာဖို့ အဆင်သိပ်မပြေပါဘူး။ အော်ဒါမှာတဲ့သူ ရှိရင်တော့မှာပေးမယ်လို့ပဲ စီစဉ်ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖုန်းရဲ့ Specification တွေကို ကြည့်တဲ့အခါမှာတော့ RAM နေရာ တွေနဲ့ အချို့နေရာတွေမှာ 5c က ရိုးရိုး ၅ ထက် နိမ့်နေတာမျိုးလေး တွေရှိပါတယ်။ ဒါ့အပြင် ဖုန်းကိုပြုလုပ်ထားတဲ့ ဘော်ဒီဖရိန်တွေနဲ့ အသားအနားကလည်း ၅ နဲ့ ကွာပါတယ်။ တကယ်တမ်း အသုံးပြုသူတွေ အနေနဲ့ဆိုရင်တော့ iPhone 5 ကတောင် ပိုအဆင်ပြေလိမ့်မယ်လို့ ထင်ရပါတယ်။ ဒါကြောင့် 5c ကို ဈေးကွက်ထဲကို တင်သွင်းလာရင်တောင် အဆင်ပြေမယ်လို့ မမျှော်လင့်နိုင်တဲ့ အတွက် ကျွန်တော်တို့ မရောင်းဖြစ်တာပါ” ဟုပြောပြသည်။
ထို့ပြင် အဆိုပါ iPhone 5c ဖုန်းများမှာ အရောင်အသွေး စုံစုံလင်လင် ထွက်ရှိလာခြင်းကြောင့် လက်ရှိပြည်တွင်းဈေးကွက်အတွင်းတွင် အရောင်ပေါ်မူတည်၍ ဈေးနှုန်းကွာဟချက် များလည်း ရှိနေကြောင်း သိရသည်။ “5c ကအရောင်း ၅ မျိုးလောက်ထွက်လာတော့ ခုလက်ရှိဈေးကွက်ထဲမှာ အရောင်ပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ်ချက်တွေကလည်း မငြိမ်သက်ဘူး ဖြစ်နေတာ တွေ့ရပါတယ်” ဟုဈေး ကွက်ကျွမ်းကျင်သူ တစ်ဦးမှပြောသည်။
iPhone 5c များမှာ လက်ရှိအချိန်တွင် အရောင်စုံအတွက် ပျမ်းမျှပေါက်ဈေးမှာ ကျပ် ၆၁၀,၀၀၀ မှ ကျပ် ၆၄၀,၀၀၀ ကြားတွင် ရောင်းချမှုများ ရှိနေပြီး iPhone 5 မှာ လက်ရှိအချိန်၌ ကျပ် ၆၆၀,၀၀၀ ဝန်းကျင် တွင် ပေါက်ဈေးရှိကြောင်း သိရသည်။ အသစ်ထွက် iPhone 5s မှာလည်း အရောင်အသွေးပေါ် မူတည်ကာဈေးနှုန်း ကွာဟချက်များ ရှိမည်ဖြစ်ပြီး လက်ရှိအချိန်တွင် 5s မှာ ရွှေရောင်မဟုတ်သော အခြားပုံမှန် အရောင်များအတွက် ကျပ် ၈၄၀,၀၀၀ ဝန်းကျင်တွင်
ပေါက်ဈေးရှိကြောင်း သိရသည်။
Ref & Credit to: Internet Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.