ရန်ကုန်ဘူတာကြီး၀င်း
တစ်ခုလုံးကို အဆင့်မြှင့်တင်ရန် ဂျပန်နှင့် စင်္ကာပူ ကုမ္ပဏီလေးခုမှ တင်ပြသဖြင့် ပြည်ထောင်စုအဆင့်သို့
တင်ပြထားကြောင်း ရထားပို့ဆောင်ရေး၀န်ကြီးဌာနမှ သိရသည်။ ယင်းသို့ အဆင့်မြှင့်တင်ရန်
ဂျပန်ကုမ္ပဏီ နှစ်ခုနှင့် စင်္ကာပူ ကုမ္ပဏီ နှစ်ခုတို့မှ ရထားပို့ဆောင်ရေး၀န်ကြီးဌာနသို့
ယခုနှစ်အတွင်း လာရောက်တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း၊ တင်ပြလာမှုများမှာ ခိုင်လုံသော
အချက်အလက်များ ပါရှိသည့် အတွက် ၄င်းအခြေအနေကို ပြည်ထောင်စု အဆင့်သို့ တင်ပြထားပြီးဖြစ်ကြောင်း
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦး၀င်းနောင်က ပြောကြားသည်။
“ရန်ကုန်ဘူတာကြီးကို
အဆင့်မြှင့်ဖို့ဆိုပြီး တင်ပြတဲ့အထဲမှာ ဂျပန်ပါတယ်။ စင်္ကာပူ ပါတယ်။ ပြည်တွင်း ကုမ္ပဏီတစ်ခုလည်း
ပါတယ်။ လုပ်မယ့်ပရောဂျက်နဲ့ ကျတော့ပြည်တွင်းကုမ္ပဏီနဲ့ ဘယ်လိုမှဖြစ်ဖို့ မလွယ်ဘူး။
လုပ်ဆောင်မယ့်အဆင့်က နိုင်ငံတကာအဆင့်မီလုပ်မှ ဖြစ်မယ့်အနေအထားပါ”ဟုယင်းကဆိုသည်။
ပြည်ထောင်စုအဆင့်မှ
ခွင့်ပြုချက်ရရှိပါက တင်ဒါခေါ်ယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ရရှိသွားသော ကုမ္ပဏီအနေဖြင့်
လုံလောက်သော အရည်အသွေးနှင့် ဘတ်ဂျက်အနေအထားတို့ကို ကြည့်ရှု စစ်ဆေးသွားမည်ဖြစ်ကြောင်း၊
လွှတ်တော်အဖွဲ့အစည်းများနှင့် အင်ဂျင်နီယာအဖွဲ့အစည်းများ၏ အကြံပေး အတည်ပြုချက်များကို
တောင်းခံမည်ဖြစ်ကြောင်း၊ တည်ဆောက်နေစဉ်ကာလအတွင်းမှာလည်း အဆောက်အအုံ၏ အရည်အသွေးစစ်ဆေးမှုအဖွဲ့များလည်းရှိမည်
ဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာစံချိန်မီအဆင့်မြှင့်သွားမည်ဆိုသော
ရန်ကုန်ဘူတာကြီးတွင် အထပ်မြင့် လူနေအဆောက်အအုံများ၊ Public Service နေရာများပါ၀င်မည်ဖြစ်ပြီး
ဘူတာကြီးမှာလည်း လက်ရှိထက် အဆင့်မြှင့်သွားမည်ဟု ဆိုသည်။ “ ဆောက်မှာက နိုင်ငံတကာအဆင့်မီ
လုပ်ဆောင်သွားမှာ၊ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်နေတယ်။ ဆောက်မဲ့ အခြေအနေတွေမှာ
ဘာတွေထည့်သွင်းမလဲ ဆိုတာ ကလေးထိန်းကျောင်းတွေ စတဲ့ ပြည်သူလူထုကို အကောင်းဆုံး၀န်ဆောင်မှုတွေ
စီးဆင်းမဲ့နေရာတွေ အများဆုံးပါ၀င်မှာဖြစ်တယ်။ ခန့်မှန်းအဆင့်မြှင့်မယ်ဆိုရင် ဘီလျံနဲ့ချီပြီး
ကုန်ကျနိုင်မှာဖြစ်ပါတယ်” ဟု ဦး၀င်းနောင် က ပြောသည်။
လက်ရှိတွင်ရထားပို့ဆောင်ရေး၀န်ကြီးဌာန
သည်ဂျပန်နှင့်ပူးပေါင်းလုပ်ဆောင်အဆင့်မြှင့်တင်မှုများပြုလုပ်နေပြီး မြန်မာနိုင်ငံအတွင်းရှိ
ရထားကဏ္ဍများ၌ အကောင်အထည်ဖော်မှုတွင် ရန်ကုန်-မန္တလေး အဆင့်မြှင့်တင်ခြင်း၊ ရန်ကုန်မြို့ပတ်ရထားတွဲများကို
အဲယားကွန်းရထားဖြင့် အစားထိုးပြေးဆွဲခြင်းတို့ ပြုလုပ်နေကြောင်းသိရသည်။
Ref-Myanmar ICT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.