မြန်မာသီချင်းများကို ပြည်တွင်း ပြည်ပမှ အခပေး၍ ဝယ်ယူနားဆင်နိုင်မည့်
myanmarmusicstore.com ကို ပထမဦးဆုံးအနေဖြင့် စတင်လုပ်ဆောင်နိုင်ခဲ့ကြောင်း Legacy Music Network မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာကိုကိုလွင်က ပြောသည်။
ပြည်တွင်းအနေဖြင့် တေးသီချင်းများဝယ်ယူရာတွင် မိုဘိုင်းဖုန်းဘီလ်ဖြင့်
ဝယ်ယူခြင်း၊ Myan Pay စနစ်ဖြင့်ဝယ်ယူခြင်း၊ Y Pay စနစ်ဖြင့် ဝယ်ယူခြင်း၊
SMS စနစ်ဖြင့်ဝယ်ယူခြင်း၊ ၁၈၈၉၉ သို့ဆက်သွယ် ဝယ်ယူခြင်းတို့
ပြုလုပ်နိုင်ပြီး ပြည်ပနိုင်ငံများမှ ဝယ်ယူလိုပါက Paypal စနစ်ဖြင့်
ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့အပြင်တေးသီချင်း သီးသန့်ဝယ်ယူနိုင်မည့်
ငွေဖြည့်ကတ်များကိုလည်း LEGACY Music Network မှ ရောင်းချသွားမည်ဖြစ်သည်။
တေးသီချင်းထုတ်လုပ်ရေးလုပ်ငန်းများအပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက်ကို အောက်တိုဘာ ၂၇ ရက်နေ့၌ စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ “မိတ်ဆက်တဲ့အခါမှာ လေးဖြူရဲ့သီချင်းအသစ်တစ်ပုဒ်ကို
အွန်လိုင်းသီးသန့်အနေနဲ့ ရောင်းချပေးမယ်။ ဒီသီချင်းက အပြင်မှာထွက်လာမယ့်
သီချင်း မဟုတ်ဘူး။ တစ်လတစ်ခါလောက်တော့ နာမည်ကြီးအဆိုတော်တွေရဲ့
သီချင်းအသစ်တစ်ပုဒ်လောက်ကို အွန်လိုင်းတင်ပြီး ရောင်းချပေးသွားမယ်” ဟု ဒေါက်တာကိုကိုလွင်က ပြောသည်။
တေးသီချင်းများ ရောင်းချရာ၌ ၂၀၁၃ ခုနှစ် အသစ်ထွက် တေးစီးရီး တစ်ခွေလျှင်
၁၈၀၀ ကျပ်နှုန်း သတ်မှတ်ထားညပီး တစ်ပုဒ်ခြင်းဝယ်ယူလိုပါက ၃၀၀ ကျပ်
သတ်မှတ်ထားသည်။ တေးစီးရီးအဟောင်းများဆိုပါက
တစ်ခွေလျှင် ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး တစ်ပုဒ်လျှင် ၂၅၀ ကျပ်
သတ်မှတ်ထားသည်။ ထို့ပြင် ပြည်ပနိုင်ငံများမှ ဝယ်ယူလိုပါက
တေးစီးရီးအသစ်တစ်ခွေလျှင် ၂.၉၉ ဒေါ်လာ ၊ တစ်ပုဒ်လျှင် ၁.၄၉ ဒေါ်လာ
သတ်မှတ်ထားပြီး တေးစီးရီးအဟောင်းများဆိုပါက တစ်ခွေလျှင် ၂.၄၉ဒေါ်လာ၊ တစ်ပုဒ်လျှင် ၀.၃၉ ဒေါ်လာ သတ်မှတ်ထားသည်။
“အွန်လိုင်းမှာ သီချင်းတွေကို free share လုပ်နေတာတွေရှိတယ်။ အခုချိန်မှာ ကိုယ်တွေက တည်ဆောက်ရေးပိုင်းလုပ်နေရတော့
တိုက်ဖျက်ပိုင်းကို မလုပ်နိုင်သေးဘူး။ တစ်ခုတော့ စမ်းထားတာရှိတယ်။
Mediafire ရဲ့ Hosting ကို ဒီအချက်တွေက ငါတို့ဆီမှာ တရားဝင်ရောင်းတာပါ။
ဒီတော့ မင်းတို့အနေနဲ့ ဒီအချက်အလက်တွေကို ဖယ်ရှားပေးပါလို့ စာပို့လိုက်တယ်။
သူတို့ဆီကလည်း ဖယ်ရှားပေးတယ်။ နောက်ပိုင်း free share တွေကိုလည်း
ဒီနည်းအတိုင်း လုပ်သွားဖို့ကလွယ်ပါတယ်” ဟု ဒေါက်တာကိုကိုလွင်က ပြောသည်။
တေးသီချင်းများကို မဝယ်ယူခင်၌ တစ်မိနစ်အခမဲ့ နားဆင်နိုင်ပြီး
ကြိုက်နှစ်သက်သည့်အခါ ငွေပေးချေ၍ ဝယ်ယူရမည်ဖြစ်သည်။ တစ်ကြိမ်ဝယ်ယူပြီးသည့်
တေးသီချင်းကို ထပ်မံရယူလိုပါက ငွေကြေးပေးချေရန် မလိုအပ်ကြောင်း
ဒေါက်တာကိုကိုလွင်က ပြောသည်။ “ဝက်ဘ်ဆိုက်မှာ ပထမဦးဆုံးအကောင့်တစ်ခုလုပ်ရမယ်။
အကောင့်လုပ်တဲ့အခါ နိုင်ငံနေရာမှာ မြန်မာလို့ ရွေးချယ်ခဲ့ရင်
ငွေပေးချေတဲ့စနစ်တွေက ကျပ်ငွေတွေပြလိမ့်မယ်။ တခြားနိုင်ငံတစ်ခုခုကို
ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ဈေးနှုန်းတွေက ဒေါ်လာနဲ့ပြမယ်။ ထူးခြားတာက
မြန်မာအနေနဲ့ဆိုရင် သီချင်းအကုန်လုံးကိုမြင်ရတယ်။
ပြည်ပကဆိုရင်တော့ ကော်ပီသီချင်းတွေကို မြင်ရတော့မှာမဟုတ်ဘူး။
ဘာကြောင့်လဲဆိုတော့ မူပိုင်ခွင့်တွေနဲ့ ငြိမှာစိုးလို့ပါ” ဟု ၎င်းက ပြောသည်။
ဝက်ဘ်ဆိုက်စမ်းသပ် လွှင့်တင်သည့် ၂ ရက်တာကာလ အတွင်း ပြည်တွင်း ပြည်ပမှ
တေးသီချင်းဝယ်ယူမှု ရာဂဏန်းနှင့်ချီ၍ ရှိခဲ့ကြောင်း တရားဝင်အနေဖြင့်
ပထမဦးဆုံးရောင်းချမှုသည် မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင်ခဲ့ကြောင်း
သိရသည်။ “ဒီမှာက ကော်ပီတွေများတယ်ပဲ ပြောနေတာ။ နယ်တွေလိုနေရာမျိုးတွေမှာ
မူရင်းဝယ်ဖို့ဆိုတာလည်း ဆိုင်မရှိဘူး။ ဖုန်းရှိရုံ၊ အင်တာနက်ရှိရုံနဲ့
တရားဝင်ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်လို့ရမယ်ဆိုရင် လူတွေက
အသုံးပြုကြလိမ့်မယ်ထင်တယ်” ဟု ဒေါက်တာကိုကိုလွင်ကဆိုသည်။
မြင့်ကျော်လှိုင်
Ref : internetjournal
ဝင်းကမ္ဘာကျော်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.