0
သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး ဟူ၍ ရှည်လျားစွာ ပြောနေကြသည့် အိုင်တီသည် (အိုင်စီတီ ဟူ၍လည်း ပြောကြသည်) အမှန် ဆိုရလျှင် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် တစ်ဦးချင်းထက် အစိုးရနှင့် မဖြစ်မနေ ပတ်သက်နေရသည်။ နည်းပညာ ဆိုသည်မှာ လူတစ်ဦးချင်း စွမ်းဆောင်မှုအပြင်၊ အဖွဲ့အစည်းနှင့် အစိုးရ အထောက်အပံ့များကြောင့်လည်း ပိုပြီး တောက်ပြောင်လာနိုင်သည်။ သုံးစွဲသူ ဆိုသည်မှာ အသစ်အဆန်း နောက်သို့ လိုက်သည်။ စိတ်ကူးသစ် များကို ကြိုဆိုပြီး နောက်ဆုံး ပေါ် ဆိုသည့် စကားအပေါ်တွင် ယစ်မူး သာယာတတ်သည်။ အစိုးရကတော့ ထိုသို့မဟုတ် အမြဲ နောက်ကျ ကျန်နေပြီး၊ အမီ မလိုက်နိုင်ခြင်းက သူ့အလုပ်လို ဖြစ်နေတတ်သည်။ ခေတ်က တောင်းဆို သည်။ စနစ်က တောင်းဆိုသည်။ မဖြစ်မနေ လုပ်ရတော့မည် ဆိုမှသာ အစိုးရတို့က မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ထလုပ်တတ်သည်။ အစိုးရ ဆိုသည်မှာ မည်သည့်အခါကမျှ နည်းပညာတွင် ဦးဆောင် လှုပ်ရှားသူများ မဖြစ်နိုင်ခဲ့ပေ။ နည်းပညာကို ရှေ့ဆောင်သူ မဟုတ်၊ နောက်လိုက်သူကို အစိုးရဟု ခေါ်ဆိုလျှင် မှားမည် မထင်။ လက်ရှိ အနေအထားကို တိုးတက်စေရန် စွန့်စားခြင်းထက်၊ အခြေအနေ မပျက်ယွင်းစေရန် ထိန်းထားခြင်းကို ဂုဏ်ယူ နေတတ်သည်မှာလည်း အစိုးရ သဘာဝလို ဖြစ်နေသည်။
ပြောင်းလဲမှု တိုင်း ကို တန်ဖိုးကြီးစွာ ပေးဆပ်ရတတ်သဖြင့် လည်းကောင်း၊ တစ်ခုခုကို အဆင့်မြှင့်ရန် ပစ္စည်းများ တပ်ဆင်ရခြင်း၊ လူများကို သင်တန်းများ ပေးရခြင်းတို့ကြောင့် တစ်ခုခုကို အဆင့်မြှင့်မည်ဆိုတိုင်း အစိုးရဘက်က နှေးကွေးနေတတ်သည်။ အစီရင် ခံရမည်၊ တင်ပြရမည်၊ ညှိနှိုင်းရမည်၊ ဆုံးဖြတ်ရမည် ဆိုသည့် အစိုးရ လုပ်ထုံးလုပ်နည်းတွေကြောင့် ဌာနဆိုင်ရာများတွင် အိုင်တီကို မြှင့်တင်နိုင်ရေးသည် အလှမ်းဝေးလှသည်။ အစိုးရဆိုသည်မှာ မည်သည့်ကိစ္စကိုမဆို လျှို့ဝှက်စွာ လုပ်ဆောင်ရမည် ဆိုသည့် ပုံသေ သတ်မှတ်ချက်များဖြင့် ပွင့်လင်း မြင်သာမှု မရှိခြင်းကလည်း ခေတ်နောက်ကျသည့် အစိုးရ ဖြစ်စေရန် တွန်းပို့နေသလို ဖြစ်တတ်သည်။ အစိုးရက လျှို့ဝှက်ပါ ဆိုသည့်တိုင် အချို့ နေရာများတွင် အစိုးရလူများ ကိုယ်တိုင်က TOS (Top Open Secret) လုပ်နေသည့်အတွက် ကောလာဟလများ ခေတ်စားပြီး အလုပ် မဖြစ်သည်လည်း ရှိနိုင်သည်။
နိုင်ငံနှင့် လူမျိုး အကျိုးရှိစေပြီး ပေါက်ကြားလျှင် အကျိုးမရှိသည့် အချက်အလက်များကို ထိန်းသိမ်းခြင်းမှာ ဖြစ်သင့်သော်လည်း၊ ဘာလိုချင်သည်၊ ဘာဖြစ်ချင်သည်၊ ဘာလုပ်ချင်သည်ဆိုသည့် အကြောင်းအရာများကို သိလည်းမသိ၊ သိအောင်လည်း မကြိုးစား၊ ဖော်ထုတ် ပြောကြားခြင်းလည်း မရှိသည့်အခါ အကူအညီ ပေးလိုသူများက ဘာကူညီရမှန်းမသိ ဖြစ်ရလောက်အောင် လျှို့ဝှက် လွန်းခြင်းကပင် အစိုးရကို ခေတ်နောက်ပြန် ဆွဲစေပါသည်။ ယခုခေတ်တွင် သတင်း အချက်အလက် မှန်သမျှကို ဒစ်ဂျစ်တယ်စနစ် အသွင်ပြောင်းကာ သိုလှောင် ထိန်းသိမ်းခြင်း၊ ပေးပို့ ရယူခြင်းများကို ပြုလုပ်နေကြပြီ ဖြစ်သည်။ အရာရာကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းခြင်းသည် နေရာ ကျဉ်းသည်၊ စရိတ် ကျဉ်းသည်၊ ပျက်စီးခြင်း ကင်းသည်၊ ပြန်လည် ဖော်ထုတ် ရယူရန် မြန်ဆန်သည်၊ လွှဲပြောင်း ပေးပို့ရ လွယ်ကူသည် စသည့် ကောင်းချက်များကို ခံစားနိုင်ပါသည်။
အစိုးရတွင် စွဲမြဲစွာ ခံယူထားသည့် အချက်မှာ ပြင်ပလူကို မယုံသဖြင့် မိမိဝန်ထမ်းကိုပင် ကွန်ပျူတာလေး သုံးတတ်သည်ကို ပညာရှင်ဟု ထင်ပြီး နေရာပေး မြှောက်စားထား ခြင်းက ပတ်ဝန်းကျင်ကို ပိုပြီး ကင်းကွာစေသည်။ ပညာရှင်ဆိုလျှင် ပိုက်ဆံ ပိုပေးရမည်။ မိမိ ဝန်ထမ်းကို နေရာတစ်နေရာ ပေးလိုက်လျှင် ဤလစာ အတိုင်း တာဝန်ယူနေရသည်။ ဝန်ထမ်းကလည်း မလုပ်တစ်ကျပ်၊ လုပ်တစ်ကျပ် စိတ်ဓာတ် ဖြစ်နေသဖြင့် အားထုတ် ကြိုးပမ်းချင်စိတ် မရှိ။ ကွန်ပျူတာ ကီးဘုတ်နှင့် မောက်စ် လောက်ကိုသာ သုံးတတ်သည့် ဝန်ထမ်းက အိုင်တီ၏ စွမ်းဆောင်နိုင်မှုများကို ကိုယ်တိုင်လည်း မလေ့လာ၊ မိမိအထက် လူကြီး အထင်ကြီးလာအောင်လည်း အစွမ်းပြ မပေးနိုင်သည့်အခါ အိုင်တီသည် ဌာနဆိုင်ရာများနှင့် အလှမ်းဝေး လာပါတော့သည်။
အစိုးရတစ်ရပ်သည် ပွင့်လင်း မြင်သာမှု မရှိလျှင် အိုင်တီနှင့်လည်း အဆက်ပြတ်သွားနိုင်ကြောင်းကို ထပ်လောင်း ပြောဆို လိုပါသည်။ ပြည်သူက အစိုးရ ဘာလုပ်နေသလဲ ဆိုခြင်းကို စိတ်ဝင်စားသည်။ ထို့ပြင် အစိုးရ ဝန်ထမ်းတွေ ဘာလုပ်နေသလဲ၊ ငါတို့ ပေးထားတဲ့ အခွန်ငွေတွေကို စားပြီး အလုပ် ကောင်းကောင်း လုပ်ကြရဲ့လား ဆိုသည့် အချက်ကိုလည်း ပိုပြီး စိတ်ဝင်စားကာ သိလို၊ စူးစမ်းလို ကြသည်။ ပြည်သူနှင့် အစိုးရ၊ ဝန်ထမ်းနှင့် ပြည်သူ အကောင်းဆုံး အပေးအယူ လုပ်နိုင်သည့် နေရာမှာ အင်တာနက် ဖြစ်ကြောင်းကို ကောင်းစွာ သဘောပေါက်မည် ထင်ပါသည်။ လူတိုင်း အွန်လိုင်းပေါ် တက်ပြီး ဆက်သွယ်နိုင်သည်။ အွန်လိုင်းကတစ်ဆင့် လုပ်ငန်းတွေ လုပ်နိုင်သည်။ အွန်လိုင်းတွင် အလုပ်ရှာနိုင်သည်။
အွန်လိုင်းတွင် ပညာရှာနိုင်သည်။ အွန်လိုင်းကပေးသည့် ဘွဲ့များပင် ရယူနိုင်သည့် အဆင့် ဖြစ်လာသည်။ အွန်လိုင်းတွင် လုပ်ဆောင်နိုင်စွမ်း ပေါင်းစုံ ပလူပျံလာသည့် တိုင်အောင်ပင် အစိုးရများသည် အွန်လိုင်းဖြင့် စီးပွားမရှာနိုင်သည်လည်း ရှိကောင်း ရှိနိုင်သည်။ ပြည်သူတွေအားလုံး အင်တာနက် အွန်လိုင်းဖြင့် ဆွေးနွေးသည်၊ လှုပ်ရှားသည်၊ ဆုံးဖြတ်ချက်များ ချနေသည်။ အီးမေးလ်၊ လူမှုကွန်ရက်၊ ဗီဒီယိုနှင့် ဘလော့ဂ်များဖြင့် လှုပ်ရှားနေသည့်တိုင်အောင် ကွန်ပျူတာ မသုံးတတ်သေးသည့် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းပြည်ကောင်း အောင် ဆောင်ရွက်ရန် ဆိုသည်မှာ အလှမ်းဝေးလှသည်။ မသိလျှင် မသိကြောင်း၊ မတတ်လျှင် မတတ် ကြောင်း၊ နားမလည်သေးသဖြင့် နားလည်စေရန် ကြိုးစားပြီး ခေတ်မီ တိုးတက်စေရန် ကြံဆောင် ကြိုးစားပါမည် အစား တတ်ယောင်ကားများဖြင့် ခရီးဖင့် နိုင်ပါသည်။ ယခုခေတ်တွင် စက်မှုဖွံ့ဖြိုး နိုင်ငံ တိုးတက်အောင် လုပ်ဆောင်မည်ဟု ဆိုခြင်းမှာ ခေတ်မမီသည့် အယူအဆ အတွေးအခေါ်မျိုး ဖြစ်သွားသည်။ အိုင်စီတီကို ဖွံ့ဖြိုး တိုးတက်စေရန် လုပ်ဆောင်ပြီး ချမ်းသာသွားသူများ၊ ချမ်းသာသွားသည့် နိုင်ငံ အများအပြား ရှိလာပြီ ဖြစ်သဖြင့် ၂၀ ရာစု စက်မှုခေတ် တွင် နေရစ်ခဲ့မည်လော၊ ၂၁ ရာစု အင်တာနက်ခေတ်သို့ တက်လှမ်းတော့မည်လော ဆိုသည်မှာ အစိုးရပိုင်း အနေနှင့် သတ်မှတ်ရန် လိုလာပြီ ဖြစ်သည်။
စက်အားကို အသုံးမပြုနိုင်သည့် နိုင်ငံများသည် လူအားဖြင့် နိုင်ငံ တည်ဆောက်နိုင်ရေး ဦးစားပေးရ သည်။ စက်မှု စွမ်းအားကို အထောက်အကူ ပြုလာနိုင်ပြီ ဆိုသည့်တိုင် နိုင်ငံ အစိုးရများသည် လူသားတို့ ခံစားပိုင်ခွင့်၊ လူမှုဘဝ တိုးတက်ရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေးတို့အတွက် နည်းပညာဖြင့် အဆင့်မြှင့်နိုင်အောင် ကြံဆောင်ပေးရသည်။ အထူးသဖြင့် နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် နည်းပညာကို တပ်ဆင်ပေးလာခြင်း၊ အင်တာနက်နှင့် ဖုန်းများကို လူတိုင်း သုံးနိုင်စေရန် ကြံဆောင်ပေးလာခြင်းတို့ ဖြစ်သည်။ အစိုးရသည် ပြည်သူနှင့် အနီးကပ်ဆုံး ဆက်ဆံနိုင်သည့် နေရာသည် အွန်လိုင်း ဖြစ်လာကြောင်း၊ လူမှုကွန်ရက်များ ဖြစ်လာကြောင်းကိုလည်း အစိုးရတို့ သတိပြုသင့်သည်။ ပြည်သူကို နည်းပညာဖြင့် အကောင်းဆုံး ဖြစ်စေရန် ကြံဆောင်ပေးခြင်း ဖြင့် အစိုးရသာ အကျိုး ပြန်ရတတ်ပါသည်။ ဆင်းရဲသည့် နိုင်ငံများရှိ အစိုးရများသည် မိမိတို့ ဝန်ထမ်းများကို ကမ္ဘာနှင့် ဆက်သွယ်နိုင်ရန် နည်းပညာတံတား ထိုးပေးတတ်ကြသည်။ ပြည်သူများကိုလည်း နည်းပညာဖြင့် လမ်းဖွင့်ပေးတတ် ကြသည်။
ပြည်သူကို နည်းပညာ အုတ်မြစ် ခိုင်မာစွာ ချနိုင်ရန်အတွက် အစိုးရများသာ စွမ်းဆောင်နိုင် သည်။ မူဝါဒ ရေးဆွဲ ချမှတ်ခွင့် ရှိနေသူများ ဖြစ်သောကြောင့်လည်း ပြည်သူတိုင်း နည်းပညာ ရရှိနိုင်ရေး၊ လူတိုင်း သုံးနိုင်ခွင့် ရှိရေး၊ ဌာနတိုင်း သုံးစွဲခွင့်ရရေး၊ ပြည်သူများ ဈေးနှုန်း သက်သာစွာ သုံးနိုင်ရေးတို့သည် အစိုးရအနေဖြင့် မဖြစ်မနေ တာဝန်ယူ ဖြေရှင်းပေးရမည့် ကိစ္စများ ဖြစ်ပါသည်။ အိုင်တီသည် အစိုးရအပေါ် ကောင်းသော သက်ရောက်မှုများ ရှိနိုင်သော်လည်း အာရပ်နွေဦးလိုကိစ္စ များတွင် အိုင်တီကြောင့် အစိုးရ ပြုတ်ကျသည်အထိ သက်ရောက်မှု ရှိခဲ့သဖြင့် အိုင်တီအပေါ် အစိုးရ ကြောက်ရွံ့မှုများကလည်း ရှိနေသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် အစိုးရအပေါ် အဆိုး သက်ရောက်မှုသည်၊ အခြား တစ်ဖက်တွင် အကောင်း သက်ရောက်မှု ဖြစ်ကောင်း ဖြစ်သွားနိုင်သည့် သဘော ဖြစ်သည်။ အဆိုးအကောင်း ဆိုသည်မှာ သမိုင်းက ဆုံးဖြတ်ရမှုများလည်း ရှိနိုင်ပါသည်။ အိုင်တီကို နိုင်ငံအတွက် အကောင်အထည် ဖော်လိုလျှင် ပန်းတိုင် ရှိရမည်။ ပန်းတိုင် အရောက် သွားနိုင်ရန် ဗျူဟာများ ချမှတ်ပြီး အကောင်အထည် ဖော်ရမည်။ ဒစ်ဂျစ်တယ်နိုင်ငံ ထူထောင်လိုစိတ်၊ ဒစ်ဂျစ်တယ် အနာဂတ် ဖော်ဆောင်လိုစိတ်၊ ဒစ်ဂျစ်တယ် လူ့ဘောင်ဖြင့် တိုင်းပြည်ကောင်းအောင် ကြံဆောင်လိုစိတ်များ ရှိရန်လည်း လိုသည်။ ဆိုလိုသည်မှာ-
ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို ဒစ်ဂျစ်တယ် စနစ်ဖြင့် အသွင် ပြောင်းရမည် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများသည် ဒစ်ဂျစ်တယ် စနစ်ကြောင့် အမြန်ဆုံးနှင့် အသက်သာဆုံး ဖြစ်စေရမည်။ ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုခြင်းကြောင့် လုပ်ငန်းများ တိုးတက် အောင်မြင်စေရမည် ဆိုသည့် ဦးတည်ချက်များဖြင့် ဗျူဟာများ ချမှတ် လုပ်ဆောင်ရန် လိုသည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။ ဌာနတိုင်းသည် မိမိတို့ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်များ ရည်ရွယ် ဦးတည်ချက်များဖြင့်လည်း ဗျူဟာမြောက် ဆောင်ရွက်ကြရန် လိုအပ်သည်။ အိုင်တီဖြင့် ဗျူဟာခင်းတော့မည် ဆိုလျှင် အရေးကြီးသည့် အချက်များမှာ- စံ (Standard) ရှိသည့် ဗျူဟာဖြစ်ရန် လိုသည် ပြုပြင် ပြောင်းလဲနိုင်သည့် အထောက်အကူ ပြုနိုင်မှု ရှိရန် လိုသည်။ လူတိုင်းနှင့် ကိုက်ညီရမည်၊ ဌာနတိုင်း၊ နေရာတိုင်းနှင့် ကိုက်ညီရန် လိုသည်ဆိုသော အချက်များကို လည်း ထည့်သွင်း စဉ်းစားရပေလိမ့်မည်။
၁၂ လက်မလျှင် တစ်ပေဟု နိုင်ငံတကာ သတ်မှတ်သည့်စံကို ၁၀ လက်မဖြင့် ပြောင်းလဲပြုပြင်မှုမျိုးဖြင့် မထိရောက်နိုင်ပေ။ အလားတူ ခြွင်းချက် မရှိသည့် အများ လက်ခံနိုင်သော စံဖြင့်သာ ရှေ့ဆက်ရန် လိုပါသည်။ စံနှစ်မျိုး သုံးမျိုးကို ကွဲပြားစွာ အသုံးပြုနေခြင်းဖြင့်လည်း မထိရောက်နိုင်ပေ။ အများနှင့် ကိုက်ညီသည့် စံ သတ်မှတ်ချက် တစ်ခုကို ပုံသေ သုံးခြင်းဖြင့်သာ အမြန်ဆုံးနှင့် အထိရောက်ဆုံး ဖြစ်နိုင်ပါလိမ့်မည်။ အနီးစပ်ဆုံး ဥပမာ တစ်ခုကို တင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် ကွန်ပျူတာစနစ်သုံး မြန်မာစာဖြစ် မြောက်ရေးကို အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတစ်ရပ် အနေဖြင့် အကောင်အထည်ဖော်ခဲ့သည်။ မြန်မာ ယူနီကုတ် ဆိုသည့် စနစ်ကို ဖော်ထုတ်ပြီး သတ်မှတ်နိုင်ခဲ့သော်လည်း ယနေ့တိုင် အစိုးရဌာန များတွင် တရားဝင် မသုံးသေးသည်ကို တွေ့ရသည်။ တရားဝင် သုံးစွဲရန် ပြဋ္ဌာန်းထားကြောင်း ပြောနေသည့်တိုင် အစိုးရ Website တစ်ခု ဖြစ်သည့် ပြည်သူ့လွှတ်တော် Website သည်ပင် သတ်မှတ်ထားသည့် စံဆိုသော ယူနီကုတ် စနစ်ကို အသုံးပြုထားခြင်း မရှိကြောင်း တွေ့ရသည်။
စံအတိုင်း အားလုံး တညီတညွတ်တည်း လက်မခံသေးသဖြင့် အွန်လိုင်းပေါ်တွင်ပါ အခက်အခဲပေါင်း များစွာနှင့် ရင်ဆိုင်နေရသည်။ မြန်မာစာဖြင့် ဖော်ပြသည့် Website တိုင်းကို အများက စံအဖြစ် သုံးနေကြသည့် ဇော်ဂျီ Font များကို သုံးကာ တင်နေကြရသည်။ လူတိုင်း ဇော်ဂျီကို သုံးနေကြလျှင် အားလုံး ဇော်ဂျီကို စံအဖြစ် ဘာကြောင့် မသုံးကြသလဲဟု မေးကြည့်သည့်အခါတွင် ဇော်ဂျီသည် စံ မဟုတ်သောကြောင့်ဟု ပညာရှင်တွေက ပြောကြသည်။ ဤသို့ဆိုလျှင် စံ ဟုတ်သည့် ယူနီကုတ်ကို အားလုံး သုံးအောင် ဘာကြောင့် ယနေ့တိုင် မလုပ်နိုင်ကြသနည်း ဆိုသည့် မေးခွန်းအတွက်လည်း အဖြေမရှိ။ အစိုးရ ကိုယ်တိုင်က ဇော်ဂျီလည်း သုံးသည်။ ယူနီကုတ်လည်း သုံးသည်။
မကြာမီ စံအတိုင်း ကွန်ပျူတာ စနစ်တွင် မြန်မာစာ ဖြစ်လာပါက စံမဟုတ်သည့် စနစ်တွေ ဖတ်မရ ပြုမရ ဒုက္ခရောက်ရမည် ဆိုသည့် ကြောက်မက်ဖွယ် ခြိမ်းခြောက်သံများကိုလည်း ကြားရသည်။ နှစ်ပေါင်းများစွာ စံအတိုင်း ကြိုက်သဖြင့်၊ စံအတိုင်း ဖြစ်စေချင်ကာ၊ စံကို စောင့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသူများကိုလည်း ကိုယ်ချင်းစာသင့်ပြီ ထင်ပါသည်။ စံအတိုင်း ဖြစ်ရေးသည် ပြည်သူတွင်လည်း မသက်ရောက်၊ အစိုးရတွင်လည်း ဘာမှမဖြစ်၊ ကိုယ့်သဘော ကိုယ်ဆောင်ပြီး ဟိုကလုပ်ပေး နိုးနိုး၊ သည်က ပြောင်းပေး ယောင်ယောင် မသက်ရောက်သော သက်ရောက်ခြင်း များက ပိုပြီး ဆိုးမည် ထင်ပါသည်။
သို့ဖြစ်ရာ အိုင်တီသည် အစိုးရနှင့် ပတ်သက်ချင်လည်း ရသည်၊ မပတ်သက်ချင်လည်း ရသည်။ ဆိုင်ချင်လည်း ဆိုင်မည်၊ မဆိုင်ချင် မဆိုင်။ သူ့သဘောသူ ဆောင်ပြီး မနေနိုင်သူတွေက ရှေ့ဆက် သွားသည်။ အစိုးရကတော့ နောက်က လှေကြုံ လိုက်စီးနေဦးမည်ကတော့ သေချာသည်။ 

http://www.yoyarlay.com

Post a Comment

 
Top