0
အလွန်ဝေးလံသည့်ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရသော နေ့စားလပေးဆရာ၊ ဆရာမ များလည်း အမြဲတမ်းဝန်ထမ်းများနည်းတူ လစာနှစ်ဆရရှိမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လအတွင်း နေ့စား လပေးပညာရေးဝန်ထမ်း ငါးသောင်းကျော်ခန့်ကို ခန့်အပ်ပြီး အဝေးဆုံးဒေသအဆင့် သတ်မှတ်ချက် စီ၊ ဒီ၊ အီးအဆင့်ရှိသော မြို့နယ်ဒေသများတွင် တာဝန်ထမ်း ဆောင်ကြမည်ဖြစ်သည်။

ဝေးလံခေါင်ဖျားဒေသအဆင့် သတ်မှတ်ရာတွင် မြို့ပေါ်ကို အေအဆင့်၊ မြို့ပြင်ကို ဘီအဆင့်၊ နေ့ချင်း ပြန်သွားရောက်နိုင်လျှင် စီအဆင့်၊ တစ်ပတ်တစ်ကြိမ်ခန့်သာ သွားရောက်နိုင်ပါက ဒီအဆင့်နှင့်တစ်လ တစ်ကြိမ်ခန့်သာ သွားရောက်နိုင်ပါက အီးအဆင့်သတ်မှတ်ထားကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး တိုင်းပညာရေးမှူး ဦးဟန်စိန်က “နေ့စား လပေးတွေကိုခန့်တာ မြို့ပေါ် အတွက်မပါဘူး။ အနည်းဆုံးစီအဆင့်ကနေ စခန့်ရတယ်။ တနင်္သာရီတိုင်းမှာဆိုရင် ကျွန်းစုနဲ့ ဘုတ်ပြင်း ကလစာနှစ်ဆရတဲ့နေရာလို့ သတ်မှတ်ထားတယ်။ နေ့စားလပေးတွေခန့်တဲ့အထဲမှာ အဲဒီနေရာတွေလဲ ပါတယ်။ ဒါကဖြစ်သင့်တယ်။ လုပ်ပေးရမှာပါ။ အဲဒီလိုနေရာတွေက တစ်နေ့ငွေကျပ် ၂၇၀၀ နဲ့ ဘယ်လိုမှ မလောက်နိုင်ဘူး” ဟုပြောသည်။
မကွေးတိုင်းဒေသကြီးတွင် လစာနှစ်ဆရသောနေရာ သုံးနေရာရှိပြီး ထီးလင်း၊ ဂန့်ဂေါ၊ ဆောတို့ဖြစ် ကြောင်း၊ နေ့စားလပေးဝန်ထမ်းများကို ခန့်အပ်မှုမှာ အမှတ်အလိုက် ခွဲခြားခန့်အပ်ခြင်းဖြစ်ပြီး အမှတ်အ များဆုံးရရှိသူများမှာ မြို့နှင့်အနီးဆုံးဖြစ်သော စီအဆင့်ရှိဒေသများတွင် တာဝန်ထမ်းဆောင်ရကြောင်း၊ အမှတ်အနည်းဆုံးသူများသည် အီးအဆင့်ဒေသများတွင် တာဝန်ထမ်းဆောင်ရကြောင်း သိရသည်။
“မြို့နယ်တိုင်းမှာတော့ အဆင့်သတ်မှတ်ချက်တွေရှိတယ်။ နေ့စားလပေးတွေခန့်ထားတာ နှစ်ဆရနေ ရာကိုရောက်ရင်တော့ နှစ်ဆရမှာပါ။ မြို့နဲ့ဝေးတိုင်း နှစ်ဆမပေးပါဘူး” ဟု မကွေးတိုင်းပညာရေးမှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခန့်အပ်ပြီးသော နေ့စားလပေးဝန်ထမ်းများကို ဆရာဖြစ်မွမ်းမံသင်တန်းများပေးပြီးမှသာ အမြဲတမ်းဝန် ထမ်းအဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း ယင်းသင်တန်းများကို ကျောင်းပိတ်ရာသီများတွင် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဗဟန်းမြို့နယ် လက်ထောက်ပညာရေးမှူး ဦးတင်ဖုန်းက “သူတို့ကဘွဲ့ရတွေဖြစ်ပြီးတဲ့အတွက် ဆရာဖြစ်သင်တန်းတွေ သီးသန်အချိန်ပေးမလုပ်တော့ဘူး။ ကျောင်းပိတ်ရက်တွေဖြစ်တဲ့ ဒီဇင်ဘာ ကျောင်းပိတ်ရက်တို့ သီတင်းကျွတ်ကျောင်းပိတ်ရက်တွေမှာ မွမ်းမံသင်တန်းတွေပေးသွားမှာပါ။ ရက်တွေအများကြီးတော့ ပေးနိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။

The Flower News Journal
Vol.9, No.33, AUGUST 27 – SEPTEMBER 2, 2013

Post a Comment

 
Top