0
ဓာတု လက်နက်များ အသုံးပြု ခြင်းကြောင့် အမေရိကန် ဦးဆောင်၍ ဆီးရီးယား  အပေါ် စစ်ရေးဖြင့် တိုက်ခိုက် အရေးယူရေး ကိစ္စတွင် ဗြိတိန်နိုင်ငံက ပါဝင်တော့မည် မဟုတ်ကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ဆီးရီးယားအပေါ် စစ်ရေးဖြင့် တိုက်ခိုက်သည့် ကိစ္စအတွက် ဗြိတိန် ပါလီမန်တွင် ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၇၂ မဲနှင့် ကန့်ကွက်မဲ ၂၈၅ မဲ ရှိခဲ့ခြင်းကြောင့် ဆီးရီးယား အပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်တွင် ဗြိတိန်အနေနှင့် ပါဝင် တော့မည် မဟုတ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟန်းမွန်းက ပြောကြားသည်။

၎င်းအနေနှင့် ပါလီမန်၏ လိုလားချက်ကို လွှမ်းမိုးကျော်လွှားမည် မဟုတ်ကြောင်း၊ ဓာတုလက်နက် အသုံးပြုသော ဆီးရီးယား အစိုးရကို စစ်ရေးဖြင့် တိုက်ခိုက်ရန် လွှတ်တော် အမတ်များက မလိုလား ကြကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆိုသည်။ အမေရိကန် ဦးဆောင်၍ ဆီးရီးယား အပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်တွင် ဗြိတိန် ပါဝင်ခြင်း မရှိသည့် အတွက် အမေရိကန်တို့ အနေနှင့် စိတ်ပျက် သွားဖွယ် ရှိသော်လည်း အမေရိက၏ လုပ်ရပ်ကိုမူ ရပ်တန့် သွားစေမည်ဟု မထင်ကြောင်းကိုလည်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးက ပြောကြားသည်။
ဆီးရီးယား အစိုးရ၏ ဓာတုလက်နက် အသုံးပြုခြင်းသည် အမေရိက၏ အမျိုးသား လုံခြုံရေး အကျိုးစီးပွားကို အန္တရာယ်ပေးသည့် အခြေအနေသို့ ရောက်ရှိနေခြင်းကြောင့် ဗြိတိန်ကဲ့ သို့သော မဟာမိတ် များ၏ ထောက်ခံမှု မရရှိခဲ့ လျှင်သော်မှ အမေရိကန် သမ္မတ အိုဘားမားသည် ဆီးရီးယား အပေါ် အကန့်အသတ် ရှိသော လုပ်ရပ်များ ဆက်လက်ပြုလုပ် လိုဖွယ် ရှိကြောင်း အမေရိကန် အစိုးရ တာဝန်ရှိ သူများက ပြောကြားသည်။
သမ္မတ အိုဘားမားရဲ့ ဆုံးဖြတ်ချက်ကို လမ်းညွှန်ပေးမှာ ကတော့ အမေရိကန်ရဲ့ အကျိုးစီးပွား ပါပဲ။ ဆီးရီးယားမှာ အမေရိကန်ရဲ့ ပင်မအကျိုး စီးပွားအပေါ် ထိခိုက်မှု ရှိလာပြီ။ နောက်ပြီးတော့ ဓာတုလက်နက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ နှုန်းစံတန်ဖိုးတွေကို ချိုးဖောက်တဲ့နိုင်ငံဟာ တာဝန်ယူ မှု တစ်စုံတစ်ရာ လိုအပ်ပါတယ်ဟု အမေရိကန် သမ္မတ အိမ်ဖြူတော်၏ အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ အမျိုးသမီး ကိတ်လင်းဟေဒန်က ပြောကြားသည်။
ဆီးရီးယားအပေါ် အတူတကွ အရေးယူရန် အတွက် အမေရိကန်သည် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု ရရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ပြောကြားသည်။ သို့သော် ဆီးရီးယား အပေါ် စစ်ရေးဖြင့် အရေးယူမည့် ကိစ္စမှာ ဆီးရီးယားတွင် ရောက်ရှိနေသော ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူး များ၏ အစီရင်ခံစာ မထွက်မချင်း ဖြစ်နိုင်ဖွယ်မရှိပေ။ ဆီးရီးယားသို့ ရောက်ရှိနေသော ကုလလက်နက် စုံစမ်း စစ်ဆေးရေးမှူး များသည် စနေနေ့တွင် ဆီးရီးယားမှ ထွက်ခွာမည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အစီရင်ခံကြမည် ဖြစ်သည်။
ကုလသမဂ္ဂ စစ်ဆေးတွေ့ရှိချက်များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အမြန်ဆုံးချပြရန် ကုလသမဂ္ဂကို ပြင်သစ်နှင့် ဂျာမနီတို့က တိုက်တွန်းထားသည်။ ဆီးရီးယား အပေါ် အရေးယူမည့် ကိစ္စနှင့် ပတ်သက်ပါက ကုလလုံခြုံရေး ကောင်စီတွင် ဆီးရီးယား၏ မဟာမိတ် ရုရှားက ကန့်ကွက်ဖွယ် ရှိခြင်းကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ကုလ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် မပါခဲ့လျှင်သော်မှ ဆီးရီးယားအပေါ် အရေးယူမှု တစ်စုံတစ်ရာ လုပ်လိုကြသည်။ သို့သော် အီတလီကမူ ကုလလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် မပါဘဲ စစ်ရေးအရ အရေးယူခြင်းကို ပါဝင်မည် မဟုတ်ကြောင်း ပြောကြား ထားသည်။ 

The Voice Weekly


Post a Comment

 
Top