0
အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် လွှတ်တော်က ဖွဲ့စည်းထားသော အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များတွင် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိ သူများ ပူးပေါင်း ပါဝင်ရန် အရေးကြီးကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက တိုက်တွန်း ပြောကြားသည်။

သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော် လွှတ်တော် ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ယင်းသို့ တိုက်တွန်း ပြောဆို လိုက်ခြင်း ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လွှတ်တော် ကိုယ်စားလှယ် များက ကြိုးစား ဆောင်ရွက် လျက်ရှိပြီး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ပါဝင်ပါက ပိုမို မြန်ဆန်စွာ ပြီးစီးမည် ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။
“အခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာအပြင် ဥပဒေပြုတဲ့ နေရာမှာလည်း အုပ်ချုပ်ရေးပိုင်းက တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းပြီး ဖြစ်၍ ယင်းလုပ်ငန်းစဉ်များ မကြာခင် စတင်မည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီကို ဇူလိုင်လ အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ကာ အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

The Voice Weekly

Post a Comment

 
Top