0
 
ချန်ပီယံလိဂ် အုပ်စုပွဲစဉ် များရဲ့ နောက်ဆုံးပွဲစဉ် အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ရှက်တာဒိုးနက် အသင်းတို့ဟာ အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြ ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အတွက် အုပ်စုဗိုလ်ဖြစ်ရေး အရေးပါနေသည့် ပွဲဖြစ်သလို ရှက်တာဒိုးနက် အတွက်လည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အရေးပါနေတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အနေနှင့် အုပ်စု ဗိုလ်ဖြစ်ရေး အနည်းဆုံး တစ်မှတ်လိုအပ်နေပြီး ရှက်တာဒိုးနက် အသင်းဟာလည်း အနိုင်ရမယ် ဆိုရင် အုပ်စုဗိုလ်ဖြစ်မယ့် ပွဲစဉ် ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဒီဂီအာ၊ ရာဖေးလ်၊ ဖာဒီနန်၊ အီဗန်၊ ဘတ်တ်နာ၊ ဂျနုဇတ်၊ ရိုင်ယန်ဂစ်၊ ဖီးလ်ဂျုန်း၊ ကာဂါဝါ၊ အက်ရှ်လေယန်းနှင့် ဝိန်းရူနီတို့ စတင် ပွဲထွက်လာပါတယ်။ ရှက်တာဒိုးနက်အသင်းမှာတော့ ပြာတော့ဗ်၊ ဆာနာ၊ ကူချာ၊ ရာကစ်စကီး၊ ရှက်ဖ်ခေါ့ဖ်၊ စတက်ဖနင်ကို၊ ဖရက်ဒ်၊ ဒေါ့ဂလပ်စ်၊ တက်က်ဆီရာ၊ တိုင်ဆန်နှင့် အက်ဒ်ရီယာနိုတို့ ပါဝင် ပွဲထွက်လာပါတယ်။ ပွဲချိန် ၆ မိနစ်မှာ ရာဖေးလ်၊ ဂျနုဇတ်တို့ရဲ့ တွဲလုံး ကနေ တစ်ဆင့် ဖီးလ်ဂျုန်း နောက်ခံလူတစ်ယောက်ကို ကျော်ပြီးတော့ ရှက်တာဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ ကန်သွင်း ခွင့် ရခဲ့ပါတယ်။ ထောင့်ကျဉ်းထဲကို ရောက်နေပြီ ဖြစ်တဲ့ အတွက် ဖီးလ်ဂျုန်း အနေနဲ့ အကောင်းဆုံး အသုံးမချနိုင်ခဲ့ ပါဘူး။
၁၃ မိနစ်မှာတော့ ရှက်တာဒိုးနက် အနေနဲ့ ဂိုးရဖို့ အတော့်ကို နီးစပ်ခဲ့ပါတယ်။ တန်ပြန် တိုက်စစ်ကနေ ထွက်လာတဲ့ ဘောလုံးကို တက်က်ဆီရီယာ ရသွားပြီး လွတ်လွတ် ကျွတ်ကျွတ် ကန်သွင်းခွင့် ရပေမယ့် ဂိုးတိုင်ဘေး ကနေ ကပ်ထွက်သွားခဲ့ အတွက် ယူနိုက်တက် သက်သာခဲ့တာ ဖြစ်ပါတယ်။ ၁၆ မိနစ်မှာ မန်ယူနိုက်တက်က ထိုးဖောက်လာခဲ့ပြီး ကာဂါဝါ မတင်ပေးတဲ့ ဘောလုံးကို ဂျနုဇတ် ရင်ဘတ်နဲ့ ထိန်းပြီး နောက်ပြန်လှည့်ကန်သွင်းရာမှာ ဂိုးသမားနဲ့ တည့်တည့် ဖြစ်နေခဲ့တဲ့အတွက် ရှက်တာဒိုးနက် ဂိုးသမား ပုတ်ထုတ် ကာကွယ်လိုက်နိုင် ပါတယ်။ ၂၀ မိနစ်မှာတော့ ရှက်တာဒိုးနက် တောင်ပံ ကစားသမား ဒေါ့ဂလပ်စ် ဘေးစည်းနားကနေ ဧရိယာ အစပ်နားအထိ အတင်းဆွဲဝင်လာပြီး အပြင်းကန် သွင်းရာမှာ ကန်ချက်ကောင်း ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာလည်း ဂိုးပေါက် အနည်းငယ် လွဲချော်ခဲ့ပါတယ်။ ၂၃ မိနစ်မှာလည်း ရှက်တာဒိုးနက် အခွင့်အရေး တစ်ခု ရခဲ့ပါသေးတယ်။
တိုက်က်ဆီရာ အဝေးကနေ လှမ်းကန် သွင်းခဲ့တာ ဖြစ်ပြီး တိုင်ခြေနားအထိ ကပ်သွားခဲ့ပေမယ့် ဒီဂီအာ ကာကွယ်နိုင်ခဲ့ပါတယ်။ မိနစ် ၃၀ လောက်အထိတော့ မန်ယူအသင်းက ကွင်းလယ်ပိုင်းမှာပဲ ဘောလုံးအပေးအယူ များနေပြီး ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာနှုန်းနဲ့ အသာစီးရနေပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာ တကယ် ထိရောက်တာကတော့ ရှက်တာဒိုးနက်ပါ။ ရှက်တာအသင်းက ကန်သွင်းခွင့်တွေ အတော်များများ ရခဲ့ပေမယ့် ယူနိုက်တက်အသင်းကတော့ ဂိုးပေါက် တည့်မှု တစ်ကြိမ်ပဲ ရှိခဲ့ပါသေးတယ်။ ရှက်တာဒိုးနက်ဖက်က အဝေးကစ် ကန်ချက်တွေကို ယူနိုက်တက် နောက်ခံလူတွေ အတော်ရှင်းထုတ်နေရတာ ဖြစ်ပါတယ်။ ၃၂ မိနစ်မှာတော့ ဂျနုဇတ်ကို ရှက်တာ နောက်ခံလူတွေ ဖျက်ထုတ်တာ ကြမ်းတဲ့အတွက် ဧရိယာထိပ်နားမှာ ပြစ်ဒါဏ်ဘော ကန်သွင်းခွင့် ရခဲ့ပါတယ်။ ဝိန်းရူနီ ကန်သွင်းခဲ့ပေမယ့် တိုင်ဘေးနားကနေ ကပ်ထွက်သွားခဲ့ပါတယ်။ တောက်လျှောက် ဆိုသလိုပဲ ၃၃ မိနစ်မှာ ရီယို ဖာဒီနန်ရဲ့ အမှား ကနေ တစ်ဆင့် ရှက်တာ ကွင်းလယ်လူတစ်ယောက် ဘောလုံးကို ရသွားပြီး ကွင်းလယ်ဖက်ကို ပြန်ခင်းပေးရာမှာ နောက်က တက်လာတဲ့ ဖရက်ဒ် လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခဲ့ပေမယ့် ဖီးလ်ဂျုန်း လှဲအိပ် တားဆီးနိုင်ခဲ့ပါတယ်။
၃၇ မိနစ်မှာတော့ ယူနိုက်တက်အနေနဲ့ ဂိုးရဖို့ အတော့်ကို နီးစပ်ခဲ့ပါတယ်။ အက်ရှ်လေယန်း ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ ဂိုးသမားကို ကျော်ထည့်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုင်ဘေးနားကနေ ကပ်ထွက်သွားပြန်ပါတယ်။ အပိုင်အခွင့်အရေး တစ်ခု ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ ၄၃ မှာလည်း အက်ရှ်လေယန်း တစ်ယောက် အခွင့်အရေးတစ်ခု ဖြုန်းတီးခဲ့ပါသေးတယ်။ ရူနီ ချပေးလိုက်တဲ့ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရပေမယ့် ဂိုးပေါက်နဲ့ တစ်ခြားစီ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်း ကစားပုံအရ ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ဂိုးပေါက်းခြိမ်းခြောက်မှု အပိုင်းမှာတော့ သိသိသာသာ အသာစီး မရခဲ့ပါဘူး။ ဂိုးပေါက် ကန်သွင်းမှု နှစ်ဖက်စလုံး ရှိခဲ့ပေမယ့် ရှက်တာဒိုးနက်ဖက်က အနည်းငယ်ပိုမို များပြားခဲ့ပါတယ်။ ဒါပေမယ့် ဒိုးနက်ရဲ့ ခြိမ်းခြောက်မှုတွေက ဒီဂီအာ အသည်းအသန် ကာကွယ်ရသည်အထိ ထိတ်လန့်စရာ မဖြစ်ခဲ့ပဲ ယူနိုက်တက်ဖက်က ခြိမ်းခြောက်မှု တစ်ချို့ကတော့ ဂိုးရလုနီးပါး ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အက်ရှ်လေယန်း ဂိုးသမားကို ကျော်ထည့်လိုက်တဲ့ ဘောလုံးဟာ ဂိုးရဖို့ အတော့်ကို နီးစပ်ခဲ့ပါတယ်။ ယူနိုက်တက် နောက်တန်းအနေနဲ့တော့ ဝါရင့် နောက်ခံလူ ဖာဒီနန်တစ်ယောက် အမှားတွေ ရှိနေခဲ့ပါတယ်။ သူ့အမှားတွေကြောင့် ဂိုးပေးရလုနီးပါး ဖြစ်ခဲ့တာ ၂ ကြိမ် ရှိခဲ့ပါတယ်။ ပထပပိုင်းမှာ ခြေစွမ်း ပြနိုင်တဲ့ ကစားသမားတွေကတော့ ရှက်တာဒိုးနက်ဖက်က တိုက်ဆီတယ်။ ရာနှင့် ယူနိုက်တက်ဖက်ကတော့ ၄၀ ကျော် ဂစ် ဖြစ်ပါတယ်။ ဂစ်ဟာ ဘောလုံးပေးပို့မှု အမှားအယွင်း တစ်ချို့ ရှိခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ကွင်းလယ်ကို ကောင်းကောင်း ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ ရှက်တာဒိုးနက်အသင်းဟာ အင်္ဂလိပ်ကလပ်အသင်းများနှင့် ၇ ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး ၇ ကြိမ်စလုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းဖြစ်တဲ့အတွက် ဒီနေ့ ဂိုးသွင်းနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒုတိယပိုင်း ပွဲအစမှာတော့ ယူနိုက်တက်ဖက်က တိုက်စစ်ပိုင်း အားထည့်လာပုံ ရပါတယ်။ ရှက်တာဂိုးပေါက်ကို အတော်လေး ခြိမ်းခြောက်နိုင်လာပါတယ်။ ၅၃ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဘတ်တ်နာ မတင်ပေးလိုက်တဲ့ ဘောလုံးကို ကာဂါဝါ ပိတ်သွင်းရာမှာ ရှက်တာ ဂိုးသမား ကာကွယ်လိုက်နိုင်ပါတယ်။ သိပ်မကြာခင်မှာ ၅၇ မိနစ်မှာ အက်ရှ်လေယန်းက တစ်ကြိမ်၊ ၅၈ မိနစ်မှာ ဝိန်းရူနီက တစ်ကြိမ် ဂိုးသမားကို ကျော်ထည့်ဖို့ ကြိုးစားကြပေမယ့် ဂိုးပေါက် အနည်းငယ် ကျော်လွန်ခဲ့ကြပါတယ်။
၆၃ မိနစ်မှာတော့ ယူနိုက်တက်က အက်ရှ်လေယန်းကို ထုတ်ပြီး ဗန်ပါစီ လူစားဝင်လာသလို ရိုင်ယန်ဂစ်အစား ကလဲဗားလေး လူစားဝင်ပြီးတော့ ကစားကွက် ပြင်ခဲ့ပါတယ်။ ရှက်တာ ဒိုးနက်အသင်းကလည်း တိုင်ဆန်ကို ထုတ်ပြီး ဘားနာ့ဒ်ကို လူစားလဲ ကစားစေခဲ့ပါတယ်။
၆၅ မိနစ်မှာတော့ ယူနိုက်တက်အသင်း ဦးဆောင်ဂိုး သွင်းယူလိုက်နိုင်ပြန်ပါပြီ။ ဗန်ပါစီ မတင်ပေးလိုက်တဲ့ ဒေါင့်ကန်ဘောကို ရှက်တာ နောက်ခံလူ တစ်ယောက် ဖျက်ထုတ်ရာမှာ မသပ်ရပ်ပဲ ဖီးလ်ဂျုန်းအနားကို ကျသွားရာမှာ ဖီးလ်ဂျုန်းက အပြင်းကန်သွင်းပြီးတော့ ဦးဆောင်ဂိုး ရယူလိုက်တာ ဖြစ်ပါတယ်။
၈၃ မိနစ်မှာ ရူနီ တင်ပေးလိုက်တဲ့ ဒေါင့်ကန်ဘောကို ဖီးလ်ဂျုန်း အဝေးကနေ အပြင်းကန်သွင်းပေမယ့် ဂိုးပေါက် မတည့်ခဲ့ပါဘူး။ ၈၅ မိနစ်မှာ ရှက်တာ အသင်းခေါင်းဆောင် ဆာနာ ပယ်နယ်တီ ဧရိယာ အစပ်နားကနေ ကန်သွင်းမှု တစ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကန်ချက်ပျော့ပြီး ဒီဂီအာ အေးဆေးသက်သာ ဖမ်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးကာနီး နာကျင် အချိန်ပိုမှာ ဗန်ပါစီ တစ်ယောက် ကျွတ်ထွက်သွားပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ ဂိုးသမားကို ကျော်ထည့်လိုက်ပေမယ့် ဂိုးပေါက်အနည်းငယ် လွဲချော်ခဲ့ရပြန်ပါတယ်။
ယနေ့ပွဲခြေစွမ်း အရ ယူနိုက်တက် အနေနဲ့ အနိုင်ရခဲ့ပေမယ့် ခြေစွမ်းအရတော့ ရှက်တာဒိုးနက်ကို အသာစီး မရခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရတယ်ဆိုပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာ ရှက်တာဒိုးနက်ကတောင် အသာစီး ရခဲ့ပါသေးတယ်။ ရှက်တာ တိုက်စစ်မှူးတွေ ကန်ချက်ညံ့နေခဲ့ကြလို့သာ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ကလပ်အသင်းတွေနဲ့ တွေ့တိုင်း အမြဲတမ်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရှက်တာ ဒိုးနက်ဟာ ပထမဆုံးအကြိမ် အင်္ဂလန်ကလပ် အသင်းကို ဂိုးမသွင်းနိုင် ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ ဒီနေ့ ခြေစွမ်း အကောင်းဆုံး ကစားသမားကတော့ ဖီးလ်ဂျုန်းပါ။ ကိုယ်တိုင် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ရုံ မကပဲ ယူနိုက်တက် ခံစစ်ပိုင်းကိုလည်း အတော်ကူညီနိုင်ခဲ့ပါတယ်။ ဒီနေ့ အညံ့ဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ရီယိုဖာဒီနန်ရဲ့ ဟာကွက်တွေကို ဖီးလ်ဂျုန်းတစ်ယောက် ကွင်းလယ်ကနေ ဝင်ဝင်ပြီး ဖြည့်နေခဲ့ရတာပါ။ ဒီနေ့ အနိုင်ရသွားတဲ့ ယူနိုက်တက်ဟာ အုပ်စု (က) မှာ ရမှတ် ၁၄ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့် ပွဲစဉ်များဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

Ref - http://football-cafe.com

ရိုးရာလေး


Post a Comment

 
Top