ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားကို ခမ်းနားစွာ ကျင်းပဖွင့် လှစ်ပြီးနောက်
ဂုဏ်ယူဝမ်း သာမှုနှင့် များအတူ ဝေဖန်ပြောဆိုမှု များလည်း ကျန်ခဲ့သည်။
ဖွင့်ပွဲ အတွင်း ယခင် နိုင်ငံအကြီး အကဲဟောင်း၏ မြေးဖြစ်သူ နေရွှေသွေးအောင်က
ဝင်ခွင့်ကတ်ပြား ချိတ်ဆွဲမထားဘဲ အထူးတန်းပွဲကြည့်စင်တွင် ရောက်ရှိနေခြင်း၊
ဖိလစ်ပိုင် အလံကိုင် အားကစား သမား၏ ရိုးရာဝတ်စုံ၊ ဆီးဂိမ်းမီးရှူး တိုင်အား
မီးမြားဖြင့်ပစ် ခဲ့သည့် မြားပစ်အား ကစားသမား ဝေလင်းထွန်းတို့၏
သတင်းများကို စိတ်ဝင်တစား ပြောဆို နေကြခြင်းဖြစ်သည်။
သမ္မ တဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း အပါအ၀င် ဖွင့်ပွဲတက်ရောက်ကြ
သူအားလုံး ၀င်ခွင့်ကတ်ပြားများ လည်ပင်း၌ ထင်ရှားစွာ ချိတ်ဆွဲထားချိန်တွင်
နေရွှေသွေးအောင်မှာ ကတ်ကို ချိတ်ဆွဲထားခြင်း မရှိပေ။ နေကာမျက်မှန်တပ်လျက်
အထူးတန်းပွဲကြည့်စင်တွင် ဒုတိယသမ္မတ စိုင်းမောက်ခမ်း၏ သားနှင့်အတူ
ထိုင်နေသည့် ၎င်း၏ ဓာတ်ပုံမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး
ကတ်ချိတ်ဆွဲထားသည့် နိုင်ငံတော်သမ္မတနှင့် နှိုင်းယှဉ်မေးခွန်းထုတ်
ဝေဖန်ပြောကြားမှုများလည်း ရှိနေသည်။
“နေရွှေသွေးအောင်ကို ဘယ်သူဖိတ် တာလဲတော့ မသိပါဘူး။ ၀င်ခွင့် ကတ်ကို
လုံခြုံရေးအ ရဂိတ်အ၀င်မှာ ပြရသလို လူတိုင်း မချိတ်ဆွဲဘဲမနေရ ချိတ်ဆွဲဖို့
စည်းကမ်းလုပ်ထားပါတယ်။ အဲဒီဝင်ခွင့်ကတ်မပြနိုင်ရင် ၀င်ခွင့်မရပါဘူး။
သမ္မတကြီးက မချိတ်ဘဲနေရင် ရပေမယ့် လုံခြုံရေး ဆောင်ရွက်နေတဲ့ သူတွေကို
အလေးထားတဲ့ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းကို အတိအကျ လိုက်နာတဲ့ အနေနဲ့
ချိတ်ဆွဲခဲ့ တာပါ”ဟု သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ် ကပြောကြားသည်။
ထို့အပြင် နိုင်ငံ အလိုက် အားကစား အဖွဲ့များ ကွင်းအတွင်း နေရာယူစဉ်
ဖိလစ်ပိုင်နိုင်ငံ အလှည့်၌ ဖိလစ်ပိုင် နပန်းကစား သမားဟောင်း၏
တင်ပါးများပေါ်နေသော ရိုးရာဝတ်စုံမှာ ပရိသတ်များ အံ့အားသင့်စေခဲ့သည်။
လူမှုကွန်ရက်တွင် ဖိလစ်ပိုင်နပန်း ကစားသမားက သမ္မတကြီးကို အလေးပြုသွားသည်ဟု
နောက်ပြောင်ပြောဆိုမှု များရှိခဲ့ပြီး အမျိုးသမီးပရိသတ်အများစုက ကွင်းအတွင်း
၎င်း၏ အလံကိုင်ဝတ်စုံနှင့်ဓာတ်ပုံကို နောက်ပြောင်သည့် စတေးတပ်များဖြင့်
ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် တင်ခဲ့ကြသည်။
“သူက နပန်းသမားဖြစ်တယ်။ ပြီးတော့ သူတို့ ရိုးရာ ၀တ်စုံပါ။
အင်ဒိုနီးရှားမှာလုပ်တဲ့ပွဲတုန်းကလည်း ဒီလိုပဲပွဲထွက်ခဲ့တာပါ” ဟု
ဦးရဲထွဋ်ကဆိုသည်။ ဆီးဂိမ်းတွင် နောက်ထပ် ပြောစမှတ်ဖြစ်သွားပြီး ယခုအထိ
အခြေအတင်ငြင်းခုံနေရသည့်ကိစ္စမှာ ဆီးဂိမ်းပင်မမီးရှူးတိုင်ကို
မြားပစ်အဖွဲ့ချုပ်မှ အားကစားသမား ဝေလင်းထွန်းက မီးမြားပစ်၍
ထွန်းညှိပြခြင်းဖြစ်သည်။ မီးမြားမှာ မီးရှူးတိုင်ဆီမရောက်မီကပင် လမ်းခုလတ်၌
မီးငြိမ်းသွားပြီး မီးထတောက်ရန် နည်းပညာဖြင့်စီစဉ်ထားကြောင်း ကွင်းအတွင်း
ကြည့်သူများရော ရုပ်မြင်သံကြားတွင် ကြည့်ရှုနေကြသူများကပါ ပြောဆိုနေကြပြီး
မြားပစ်ခဲ့သူ ကိုဝေလင်းထွန်းကို ဆက်သွယ်မေးမြန်းရာ ဟုတ်မှန်ကြောင်း
ပြောကြားခဲ့သည်။
“မြားကတော့ ပစ်မှတ်ဆီထိပါတယ်။ ဒါပေမဲ့ မီးကတော့ ပါမသွားပါဘူး။
မပစ်ခင်မှာဘဲ လောင်စာက ပြတ်ကျသွားပါတယ်။ မီးထတောက်တာကတော့ နည်းပညာနဲ့
စီစဉ်ထားတာပါ”ဟု ၎င်းကပြောသည်။လူမှုကွန်ရက်တွင်ပြောကြားနေသကဲ့သို့
ကိုဝေလင်းထွန်းမှာ ယခုဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်နေသည့်
ပြိုင်ပွဲဝင်တစ်ဦးလည်းမဟုတ်ဘဲ ဆန်ခါတင်လူရွေးချယ်ရာတွင် အမှတ်မမီသဖြင့်
ပြုတ်ကျကျန်ခဲ့သူဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ထို့အပြင်
ဆီးဂိမ်းဖွင့်ပွဲ၏ အခမ်းအနားအပြင်အဆင်မှာလည်း တရုတ်အစိုးရ၏
ပံ့ပိုးကူညီမှုများဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ်နေချိန်တွင်
ဖွင့်ပွဲကျင်းပရာ ၀ဏ္ဏသိဒ္ဓိကွင်းအတွင်း လမ်းညွှန်ဆိုင်းဘုတ်အချို့မှာ
တရုတ်စာများဖြစ်နေခဲ့ခြင်းမှာလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ်တွင်
ပေါ်ထွက်လာခဲ့သည်။
“တရုတ်စာတန်းတွေနဲ့ လမ်းညွှန်ဆိုင်းဘုတ်က ၀ဏ္ဏသိဒ္ဓိကွင် ရဲ့
ဒုတိယထပ်တစ်ထပ်တည်းပဲ လုပ်ပေးတာပါ။ ဒါကလည်း ထိန်းချုပ်အခန်းက
ဒုတိယထပ်မှာလုပ်ထားတော့ ဒီလိုစီစဉ်တာပါ။ တခြားအထပ်မှာ ဒီဆိုင်းဘုတ်တွေ
မသုံးပါဘူး”ဟု ဆီးဂိမ်းဖွင့်ပွဲကျင်းပရေး ဆပ်ကော်မတီဝင်တစ်ဦးက ပြောသည်။
ဆီးဂိမ်းဖွင့်ပွဲတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊
ကျောင်းသူ ရှစ်ထောင်ခန့်နှင့် စစ်ရေးပြတပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များက
ပါဝင်အားဖြည့်ထားကြပြီး ဇော်ဝင်းထွဋ်၏ မဟာသီချင်းနှင့် ပုဂံ နောက်ခံ
သရုပ်ပြခန်း၊ နီနီခင်ဇော်သီဆိုသည့် ထာဝရသစ္စာတေးသီချင်းတွင်
မြန်မာနိုင်ငံမြေပုံကို အရောင်အသွေးမျိုးစုံဖြင့် ပုံဖော်သွားမှုကို
ပြည်သူများစွာ သဘောကျအားပေးခဲ့ကြသည်။
ဖွင့်ပွဲအစီအစဉ်တစ်ခုလုံးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့်
အနုပညာဖန်တီးမှုများကို ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်ပြီး ဖန်တီးမှုများ
အကောင်အထည်ဖော်ရန် ဒါရိုက်တာ စင်ရော်မောင်မောင်အား Art Director အဖြစ်
တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ဘေဂျင်းအိုလံပစ်
အားကစားပွဲတော်တွင် အတွေ့အကြုံရှိသည့် ပညာရှင်များ၊ မြန်မာနိုင်ငံ
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ရပြီး
အနုပညာပိုင်းနှင့် တင်ဆက်မှုကို မြန်မာနိုင်ငံက တာဝန်ယူပြီး
နည်းပညာပိုင်းကိုသာ တရုတ်က ပံ့ပိုးခြင်းဖြစ်ကြောင်း
ဒါရိုက်တာစင်ရော်မောင်မောင်က ပြောသည်။
“မြန်မာက ခိုင်ခိုင်မာမာရှိနေတဲ့ ယဉ်ကျေးမှုတွေ၊ အကတွေ၊
နံရံဆေးပန်းချီတွေ ဒါတွေအားလုံးကို ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ Frame ကို
ကျွန်တော်တို့က ပြန်ပြီး Creative နဲ့ Performance လုပ်တာပါ။ Story Board
ထွက်လာတော့ တရုတ်နဲ့ ပြန်ညှိရတာပေါ့။ ဒီပွဲဟာ ပါဝင်သူအားလုံးရဲ့
စည်းလုံးညီညွတ်မှုဟာ အံ့သြဖို့ကောင်းပါတယ်။ ဒီစည်းလုံးမှုကို ပိတ်ပွဲမှာ
ပြန်မြင်တွေ့ရဦးမှာပါ”ဟု ၎င်းက ပြောကြားသည်။ အခမ်းအနားတင်ဆက်မှုအတွက်
ယဉ်ကျေးမှုဝန်ကြီးဌာနက ၂ နှစ် အချိန်ယူပြင်ဆင်ပြီး ဒါရိုက်တာ
စင်ရော်မောင်မောင် ဦးဆောင်သည့်အဖွဲ့က ကိုးလ အချိန်ယူခဲ့ရကြောင်း
၎င်းကပြောကြားသည်။
Ref=7 days News Journal
http://layuethonthon.blogspot.com
Related Posts
ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တဲ့ ဘေဂျင်း ၂၀၀၈ ပန်းချီကား
တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေ[...]
Apr 07, 2014နွေရောက်ပြီ ဘယ်မှာလဲ ရေ…
ဖွံ့ဖြိုး တိုးတက်မှု နောက် တုံ့ဆိုင်းစွာဖြင့်သာ လိုက်ပါနေရသည့် ဒလမြို့ နယ်၏ အတွင်းပိုင်း ရပ်[...]
Feb 27, 2014မုဒိတာပီတိမျက်ရည်များနှင့် သာဓုအကြိမ်ကြိမ်
“အစ်ကိုသင်းရီရေ . . အစ်ကို့အစ်မ ညွန့်ညွန့်တစ်ယောက် မျက်စိပြန်မြင်သွားပြီ အစ်ကိုရေ။ မနေ့ကပဲ ဆေးရံ[...]
Feb 26, 2014နောက်ကွယ်မှ အဆီအနှစ်စုပ်သူများ
ဓာတ်ပုံ- ကျော်ဇင်သန်း မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေါ်လာသန်းကြွယ်သူဌေးဟု ကိုယ်တိုင်ထုတ်ဖော်ပြေ[...]
Feb 26, 2014၂၀၁၅ မတိုင်မီဖြေပါ ပြည်ခိုင်ဖြိုး
မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုမြို့တော်အဖြစ် သတ်မှတ်ထားသော နေပြည်တော်သို့ အမြန်လမ်းမကြီးမှတစ်ဆင[...]
Feb 26, 2014အမှိုက်နဲ့ အနံ့ဆိုးတွေ ပြည့်နေတဲ့ မြို့ပြလူနေမှု ဘဝအပိုင်းအစများ
မလွှကုန်းဘူတာနှင့် ပုဇွန်တောင်ဘူတာကြား ရထားလမ်းတစ်လျှောက်ကို ဖြတ်လိုက်မည် ဆိုရုံဖြင့်ပင် အော[...]
Feb 26, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.