၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက
စတင်တည်ဆောက်ခဲ့သော ရွှေဂုံတိုင်ခုံးကျော်တံတားမှာ တည်ဆောက်ရေးကာလ ၁၁ လအကြာတွင် ပြီးစီးမည်ဖြစ်ကြောင်းနှင့်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှခွင့်ပြုပါက ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင်စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းရွှေဂုံတိုင်ခုံးကျော်တံတားစီမံကိန်းမှာ လက်ရှိအနေအထားတွင် ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်ပြီး
သတ်မှတ်ထားသော နိုဝင်ဘာ ၃၀ ရက်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဟုဆိုသည်။
“ကားတွေရဲ့ဆူညံသံတွေက
မြေပြင်မှာဆိုရင်မသိသာပေမယ့် တံတားအမြင့်ဆောက်တဲ့အခါမှာ အဆောက်အအုံတွေနဲ့ နီးကပ်တဲ့အတွက်
ဆူညံသံတွေကပိုပြီးကျယ်တယ်။ ဒါကြောင့်ဆူညံမှုတွေမဖြစ်အောင် အသံထိန်းညှိစနစ်တပ်ဆင်သွားပါမယ်”
ဟု Capital Development Co. Ltd ၏ စီမံကိန်းဒါရိုက်တာ ဦးအေးသော် ကပြောကြားခဲ့သည်။
အဆိုပါအသံထိန်းညှိစနစ်ကို
ဂျပန်နည်းပညာဖြင့်တပ်ဆင်ခြင်းဖြစ်ပြီး လူနေအဆောက်အအုံများနှင့်နီးကပ်သည့် Excel
Treasure Tower နှင့် Shwe Gon Plaza အနီးတို့တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီတံတားကို ကျွန်တော်တို့ဘက်က နိုဝင်ဘာ ၃၀ ရက်အပြီးဆောက်မှာပါ။ ဒီဇင်ဘာ ၁ ရက်ကစပြီး
အသုံးပြုလို့ရပါပြီ။ ကားတွေဖြတ်သန်းသွားလာခွင့်ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ရဲ့ ခွင့်ပြုချက်ရတာနဲ့ ဖြတ်သန်းသွားလာလို့ရပါပြီ”
ဟုဦးအေးသော်က ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီစီမံကိန်းကိုနေ့ရောညပါ
ဆောင်ရွက်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ ၁၁ လထက်ပိုစောပြီး ပြီးနိုင်ပါတယ်။ ဒါပေမယ့်
တည်ဆောက်တဲ့အခါမှာ အခက်အခဲတချို့ရှိတဲ့အတွက် အနည်းငယ်ကြန့်ကြာမှုရှိခဲ့တာပါ” ဟုဆိုသည်။
ရွှေဂုံတိုင် ခုံးကျော်စီမံကိန်းကို
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
ကြီးကြပ်ပြီး Capital Development Co. Ltd မှ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းဆောင်ရွက်သည့် ခန့်မှန်းကာလမှာ ၁၁ လဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင်
အပြီးသတ်ပြီးစီးမည်ဖြစ်ကာ ခန့်မှန်းကုန်ကျငွေမှာ ၁၇ ဒဿမ ၄၄ ဘီလျံ ရှိသည်ဟုဆိုသည်။
ရန်ကုန်မြို့တွင်
ယာဉ်ကြောကြပ်တည်းပိတ်ဆို့မှုအများဆုံးဖြစ်သော ဘုရင့်နောင်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံနှင့်
ရွှေဂုံတိုင်လမ်းဆုံများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ခုံးကျော်တံတား
၃ စင်းကို မရှေးမနှောင်းအကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ ယင်းတို့အနက် လှည်းတန်းခုံးကျော်တံတားကို
ဦးစွာဖွင့်လှစ်နိုင်ခဲ့ပြီး မကြာမီက ဘုရင့်နောင်ခုံးကျော်တံတား ဒုတိယထပ်ကို ဖွင့်လှစ်ပေးခဲ့သည်။
ယခုအတိုင်းဆိုလျင် ရွှေဂုံတိုင်ခုံးကျော်တံတားမှာလည်း ဒီဇင်ဘာလဆန်းခန့်တွင် ဖွင့်လှစ်နိုင်မည်ဖြစ်သဖြင့်
ရန်ကုန်မြို့နေပြည်သူလူထု၏ ယဉ်ကြောပိတ်ဆို့မှုဒဏ်ခံရခြင်းမှ ပြေလျော့လာတော့မည် ဖြစ်ပေသည်။
Ref-Myanmar iCT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.