0
ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်

နိုင်ငံပိုင် ရုပ်မြင်သံကြား နှင့် သတင်းစာများ သတင်းဖော်ပြရာတွင် မြန်မာနိုင်ငံရှိ တန်ခိုးအကြီးဆုံးသော ရွှေတိဂုံစေတီတော်၏သတင်းကို ဦးစွာမဖော်ပြဘဲ လူကြီးများ၏မျက်နှာကိုလိုက်၍ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်သတင်းကို ဦးစွာထုတ်လွှင့်နေသည်မှာ မူဝါဒမရှိဘဲ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဝေဖန်ပြောကြားလိုက်သည်။


ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပင် ထေရ၀ါဒ ဗုဒ္ဓဘာသာသမိုင်းကြောင်း မှတ်တိုင်ဖြစ်သည့်အတွက် နောက်မှပေါက်သည့် ရွှေကြာပင်သဘောမျိုး ဖြစ်နေသည်ဟု ဆိုကာ ၀ါစဉ်/သမားစဉ်တို့ကို အလေးထားသင့်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာများ၏ သတင်းထုတ်လွှင့်မှု အစီအစဉ်ကို ဝေဖန်ခဲ့သည်။

ထို့ပြင် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ၄၇ ပါး စုံညီ ဒုတိယအစည်းအဝေးတွင် ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်၏ သြ၀ါဒကထာမြွက်ကြားမှုကို ရုပ်မြင်သံကြားတွင် ဖော်ပြခြင်းမရှိဘဲ ဖြတ်တောက်ထားသောကြောင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မီဒီယာများသို့ ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဌာနရှိ တာဝန်ရှိသူများကို အစဉ်အလာနှင့်အညီ ဖော်ပြရန် ညွှန်ကြားကြပ်မတ်ပေးမည်ဟု ပြန်လည်တောင်းပန်ခဲ့သည်ဟုလည်း သာသနာရေးဝန်ကြီးက ပြောသည်။

သို့သော် အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီး၏ အရေးကြီးသည့် လျှောက်ထားချက်များနှင့် သြဂုတ်လတွင် ကမ္ဘာအေးကုန်းမြေ၌ နိုင်ငံတော် သံဃမဟာနယက ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် နိုင်ငံတော်ဝိနည်းဓိုရ် ဆရာတော်ကြီးများ ကြွရောက်သည့် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသတင်းကိုလည်း နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစဉ်သို့ ပေးပို့ရာတွင် လုံးဝထည့်သွင်းဖော်ပြခြင်းမပြုခဲ့ဟု သိရသည်။

နေပြည်တော်မြို့သစ်တည်ပြီးသည့်နောက်ပိုင်းတွင် နိုင်ငံပိုင်မီဒီယာများ၌ သတင်းဖော်ပြရာတွင် နေပြည်တော်၏ သတင်းများကို ဦးစွာဖော်ပြပြီးမှသာ အခြားမြို့များမှ လှုပ်ရှားမှုသတင်းများကို ဖော်ပြခြင်းဖြစ်သည်။

အခါကြီး၊ ရက်ကြီးများတွင် နိုင်ငံအနှံ့စေတီပုထိုးများ၊ အလှူမဏ္ဍပ်များကို ဖော်ပြရာတွင် နေပြည်တော်ရှိ သတင်းများကို ဦးစွာ ထုတ်လွှင့်ဖော်ပြပြီးမှသာ အခြားသတင်းများကို ဖော်ပြပြီး မိုးလေ၀သသတင်း ကြေညာရာတွင်လည်း ယခင်က ရန်ကုန်မြို့၏ အခြေအနေကို ဦးစွာကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် နေပြည်တော်၏သတင်းကို ဦးစွာ ကြေညာခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဦးဆန်းဆင့်က ““ကျွန်တော်က သာရေးပွဲလမ်းသဘင်တွေမှာဆိုတာတော့ နားလည်နိုင်ပါတယ်။ သာသနာဦးသျှောင်နဲ့ ပတ်သက်ပြီးတော့ တိကျတဲ့မူဝါဒ ရှိသင့်တယ်”” ဟု ပြောကြားသည်။

7Day Daily 

Post a Comment

 
Top