စစ်ရေး ခြိမ်းခြောက်မှု များဖြင့် ရင်ဆိုင်နေရသော ဆီးရီးယားသည် ၄င်းတွင်
ရှိသည့် ဓာတုလက်နက် များကို နိုင်ငံတကာ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိရန်
ဆီးရီးယားသမ္မတ အာဆတ်က သဘောတူလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဆီးရီးယား အစိုးရ ရုပ်မြင်သံကြား ဖြစ်သော Rossiya 24 တွင် ဆီးရီးယား
သမ္မတအာဆတ်က ပြောကြားရာတွင် ဆီးရီးယားတွင်ရှိသော ဓာတုလက်နက်များ ကို
နိုင်ငံတကာလက်သို့ အပ်မည့် ကိစ္စကို အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဆီးရီးယား ဓာတုလက်နက်များကို နိုင်ငံတကာ ထိန်းချုပ်မှု
အောက်သို့အပ်ရန် ဆုံးဖြတ်ခြင်းသည် အမေရိက၏ စစ်ရေးခြိမ်းခြောက်မှုကြောင့်
မဟုတ်ဘဲ ရုရှား၏ အဆိုပြု ချက်ကြောင့် ဖြစ်ကြောင်း ဆီးရီးယားသမ္မတ အာဆတ်က
ပြောကြားသည်။ ဆီးရီးယားသမ္မတ အာဆတ်၏ ဓာတုလက်နက်အပ်ရန် ပြောကြားချက် သည်
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးတို့
ဂျီနီဗာတွင် ဆီးရီးယား ဓာတုလက်နက်အရေး နှင့် ပတ်သက်၍ ဆွေးနွေးရန်
ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
သြဂုတ်လ ၂၁ ရက်နေ့က ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီးတွင် ဆီးရီးယား
အစိုးရ၏ အဆိပ်ငွေ့ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၄၀၀ ကျော်ခန့်
သေဆုံးခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်း များက ဆိုသည်။
အဆိုပါသတင်းကို ဆီးရီးယားသမ္မတ အာဆတ်က ငြင်းဆိုလျက်ရှိပြီး အဆိုပါ
ဓာတုလက်နက်မှာ ဆီးရီးယား သူပုန်များ အသုံးပြုခြင်းဖြစ်ကြောင်း တုံ့ပြန်
ပြောကြားခဲ့သည်။
ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုခဲ့ခြင်းကြောင့် ဆီးရီးယားကို
စစ်ရေးဖြင့် အရေးယူရန် အမေရိကန်သမ္မတ အိုဘားမားက ဆီးရီးယားအနီး
မြေထဲပင်လယ်ထဲသို့ အမေရိကန်စစ်သင်္ဘောများ စေလွှတ်ထားပြီး
ကွန်ဂရက်လွှတ်တော်သို့ အတည်ပြုချက် တောင်းခံထားသည်။ ဆီးရီးယားကို
စစ်ရေးဖြင့် တိုက်ခိုက်ရန် အမေရိကက ပြင်ဆင်လျက်ရှိနေချိန်တွင် ဆီးရီးယားရှိ
ဓာတုလက်နက်များကို နိုင်ငံတကာလက်သို့ အပ်ရန် ရုရှားက အကြံပေးခဲ့ပြီး
ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ကလည်း လက်ခံခဲ့ပြီးနောက် အမေရိက၏
စစ်ရေးဖြင့် တိုက်ခိုက်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့သည်။
ဆီးရီးယားရှိ ဓာတုလက်နက်များကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်တွင်
ထားမည့်ကိစ္စနှင့် ပတ်သက်၍ ရုရှား နိုင်ငံခြားရေးဝန်ကြီး အစီအစဉ်သုံးခုကို
အစောပိုင်းက ချပြခဲ့သည်။ ဆီးရီးယား အနေနှင့် အပြည်ပြည် ဆိုင်ရာ
ဓာတုလက်နက်နှင့် ပတ်သက်သည့် သဘောတူညီ ချက်ကို လိုက်နာ လက်ခံရေး၊
ဆီးရီးယားရှိ ဓာတုလက်နက်များ ထားရှိရာ နေရာကို ပြသရမည် ဖြစ်သကဲ့သို့
ယင်းလက်နက် များနှင့် ပတ်သက်သည့် အစီအစဉ်များ ကိုလည်း အသေးစိတ်
ထုတ်ဖော်ပြောကြားရေး၊ အဆိုပါ ဓာတုလက်နက်များကို မည်သို့စီမံမည်ဆိုသည့်
ကိစ္စကို ကျွမ်းကျင်သူများက ဆုံးဖြတ်ရေး ဟူသော အစီအစဉ်ကို
ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ချပြခဲ့သည်။
The Voice Weekly
Home
»
နိုင်ငံတကာသတင်း
» ဓာတုလက်နက်များ နိုင်ငံတကာ လက်သို့ အပ်မည်ဟု ဆီးရီးယား သမ္မတ အာဆတ် အတည်ပြုပြောကြား
Subscribe to:
Post Comments (Atom)

Post a Comment