စက်တင်ဘာ ၂၂ ရက်က သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြသော ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားအချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သော ဟုန်ရှင်းအလုပ်သမားများအနက် ဦးဆောင်သူ အလုပ်သမား ခေါင်းဆောင်လေးဦးကို စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တံတား ရဲစခန်းမှ မမစ (ပ) ၃၅၁/၁၃၊ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းသို့ အမှုဖွင့်ရခြင်း အကြောင်းရင်းမှာ စက်တင်ဘာ ၂၂ ရက်တွင် ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမား ၁၀၀ ကျော်တို့မှ သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံခြင်း မရှိဘဲ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခြင်းတို့ကြောင့် ဆန္ဒပြရာတွင် ဦးဆောင်ပြုလုပ်သူ ကိုမင်းမင်း၊ ကိုတင်ထွဋ်ပိုင်၊ ကိုကျော်မျိုးနှင့် ကိုကျော်ကျော်တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့် အရေးယူပေးပါရန် ရဲမှူးယုကြည်မှ တရားလိုပြုလုပ်၍ ကျောက်တံတား ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။
အလားတူ သြဂုတ်လအတွင်း ဒဂုံဆိပ်ကမ်းတွင် အလုပ်ရှင်မှ ထုတ်ပယ်လိုက်သည့် အလုပ်သမား ခေါင်းဆောင်နှစ်ဦးကို ပြန်ခန့်ပေးရန် အပါအ၀င် အချက် ၁၀ ချက်ဖြင့် စီတန်းလှည့်လည် ဆန္ဒပြခဲ့ခြင်းကြောင့် အလုပ်သမားခေါင်းဆောင် နှစ်ဦးကို ဒဂုံဆိပ်ကမ်း ရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ ယင်းအပြင် အလုပ်ရှင်မှ အလုပ်သမား ခေါင်းဆောင်နှစ်ဦးကိုပင် အမှုလေးမှုဖြင့် ဒဂုံဆိပ်ကမ်း ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ကိုမင်းမင်း၏ ပြောပြချက်အရ သိရသည်။
"ကျွန်တော်တို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတာနဲ့ ပတ်သက်ပြီးတော့ အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ပါဘူးလို့ ရဲမှူးတွေကို ၀န်ကြီးရှေ့မှာရော၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရှေ့မှာရော ပြောဆိုခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စခန်းမှာ အမှုဖွင့်ထားပြီးဆိုတော့ ဥပဒေအရ ရင်ဆိုင်ဖို့ပဲ ရှိပါတော့တယ်" ဟု အလုပ်သမားခေါင်းဆောင် ကိုမင်းမင်းက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။
ဟုန်ရှင်းစက်ရုံ အလုပ်သမားများသည် အလုပ်ရှင်မှ စက်ရုံပိတ်သိမ်းသည်ဟုဆိုကာ အလုပ်သမားများအား လျော်ကြေးပေးပြီး အလုပ်ထုတ်ရန် ကြိုးစားနေသည်ဟု ထင်မြင်သောကြောင့် ၎င်းတို့အနေဖြင့် စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပြီး စက်တင်ဘာ ၁၃ ရက်တွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့စည်းများ၏ ညှိနှိုင်းပေးမှုများကြောင့် အလုပ်ရှင်နှင့် အချက်ငါးချက်ပါ သဘောတူညီမှု စာချက်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။
Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.