တယ်လီဖုန်းသိပ်သည်းဆ နည်းပါလျက် ရှိနေသော မြန်မာနိုင်ငံတွင် ၁၅၀၀
ကျပ်တန် ဖုန်းဆင်းမ်ကတ်များကို မဲနှိုက်နေစဉ် တွေ့ရပုံ
(ဓာတ်ပုံ-ကေခိုင်ဝင့်)
မြန်မာအစိုးရသည် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် အော်ရီဒူး ကုမ္ပဏီတို့ကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် ရွေးချယ်ခဲ့သဖြင့် ၎င်းတို့နှစ်ဦး အနက်မှ တစ်ဦးဦးက လုပ်ကိုင်နိုင်ခြင်း မရှိပါက ယခုဖွဲ့စည်းလိုက်သည့် စီးပွားရေး အဖွဲ့က လိုင်စင်ကို လက်လွှဲရယူနိုင်မည်ဟု ချောင်ဟွာတယ်လီကွန်း CHT ၏ ပြောကြားချက်ကို ကိုးကား၍ Digitimes သတင်းဌာနက ဖော်ပြထားသည်။
လိုင်စင်အတွက် နောက်ဆုံးအဖြေမှာ အောက်တိုဘာ လကုန်တွင် သိရှိနိုင်မည်ဟု ချောင်ဟွာတယ်လီကွန်းက ဆိုသည်။
မြန်မာနိုင်ငံ၏ 3G တယ်လီကွန်းဈေးကွက် အတွင်းသို့ ၀င်ရောက်ရန် အခြားနည်းလမ်း များကိုလည်း ချောင်ဟွာတယ်လီကွန်းက စဉ်းစားလျက် ရှိသည်ဟု ဆိုသည်။
မြန်မာအစိုးရသည် ဆက်သွယ်ရေး လိုင်စင်ကို အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC တို့ ပူးပေါင်းထားသည့် ကုမ္ပဏီနှင့် ရတနာပုံ တယ်လီပို့တ်တို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် ချောင်ဟွာတယ်လီကွန်းက MPT၊ MEC တို့နှင့် မြန်မာ့ 3G ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ၀င်ရောက်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အဆုံးသတ်အဖြေ မရရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်အတွက် နိုင်ငံတကာမှ စိတ်ဝင်စား လျှောက်ထားသူ အများအပြား ရှိခဲ့ပြီး ၎င်းတို့အနက်မှ တယ်လီနော်နှင့် အော်ရီဒူးတို့က လိုင်စင်အတွက် တင်ဒါအောင်ခဲ့ခြင်း ဖြစ်သည်။
၎င်းကုမ္ပဏီကြီးနှစ်ခု တင်ဒါအောင်မြင်ပြီး သွားသော်လည်း အခြားစိတ်ဝင်စားသည့် ကုမ္ပဏီများက မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းအမျိုးမျိုးကို ရှာဖွေလျက် ရှိနေသည်။
Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.