0
မော်လမြိုင်ထောင်သို့ အကျဉ်းသားများ ရွှေ့ပြောင်းနေသည်ကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

စက်တင်ဘာ ၁၈ ရက်က ကော့သောင်း အကျဉ်းထောင်မှ ပြောင်းရွှေ့လာသော အကျဉ်းသားများ တင်ဆောင်လာသည့် ပြည့်ဖြိုးထွန်း ၁၅ သင်္ဘောသည် စက်တင်ဘာ ၂၅ ရက် ည ၇း၃၀ အချိန်တွင် မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ရောက်ရှိပြီး စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီခန့် အချိန်တွင် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ B.O.C ဆိပ်ကမ်းမှ မော်လမြိုင် အကျဉ်းထောင်သို့ ရွှေ့ပြောင်းရောက်ရှိ လာကြောင်း သိရသည်။

အဆိုပါ သင်္ဘောဖြင့် ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသား ၁၂၀ ဦး တင်ဆောင်လာပြီး ပင်လယ်ပြင်အတွင်း စက်ချွတ်ယွင်းမှုနှင့် ရာသီဥတု ဆိုးဝါးမှုကြောင့် နာရီ ၄၀ ကျော်သာကြာသော ခရီးအား ၈ ရက်ခန့် ကြာမြင့်အောင် မောင်းနှင်ခဲ့ရကြောင်း သိရသည်။
''လမ်းခရီးမှာ လေးရက်လောက် အဆက်အသွယ် ပြတ်သွားတော့ စိတ်တော်တော် ပူသွားတယ်။ ဒီလိုရက်အကြာကြီး ဆိုတော့ ကော့သောင်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ အရမ်းကို စိတ်ပူနေကြတာပေါ့။ ဒီလို အကျဉ်းသားတွေကို မော်လမြိုင်မှာ လာတွေ့ရမယ် ဆိုတော့ ကော့သောင်းက မိသားစုဝင်တွေ အတွက်တော့ သွားရေးလာရေး၊ နေရေးထိုင်ရေး အခက်အခဲတွေ ဖြစ်မှာပါ'' ဟု အကျဉ်းသားတစ်ဦး၏ မိသားစုဝင် တစ်ဦးဖြစ်သူ မလှလှနွယ်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ကော့သောင်းမြို့ အကျဉ်းထောင်အတွင်း ပဋိပက္ခဖြစ်ပွားကာ ထောင်အာဏာပိုင်များမှ ပစ်ခတ်မှုကြောင့် အကျဉ်းသားတချို့ ဒဏ်ရာရ သေဆုံးခဲ့ပြီး၊ နိုင်ငံပိုင် မီဒီယာများမှ သတင်းဖေါ်ပြမှုကို မကျေနပ်သဖြင့် ထောင်တွင်း ဆန္ဒပြမှု ဖြစ်ပွားခဲ့သောကြောင့် ယခုကဲ့သို့ ထောင်ပြောင်းရွှေ့ ခံရခြင်းဖြစ်သည်။
ကော့သောင်းထောင် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် လေးဦးသည် စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ကော့သောင်းမြို့သို့ လာရောက်ပြီး စုံစမ်းစစ်ဆေး ခဲ့သော်လည်း တိကျသော အဖြေတစ်စုံတရာမှ ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ မော်လမြိုင်ထောင်သို့ ပြောင်းရွှေ့သည့် အကျဉ်းသား အရေအတွက်မှာ ၁၂၀ ခန့် ရှိသည်ဟုသာ ပြောကြားခဲ့သည်။


Eleven Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top