မြန်မာနိုင်ငံ၏ ကလေးအလုပ်သမားပြဿနာသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးဖြစ်ပြီး မြောက်ကိုရီးယားနှင့် ဆိုမာလီယာနိုင်ငံများထက်ပင် ပိုိဆိုးကြောင်း ဗြိတိန်နိုင်ငံရှိ မေပဲလ်စရောဖ် အတိုင်ပင်ခံအဖွဲ့က ၂၀၁၂ခုနှစ် အညွန်းကိန်းများကို ကိုးကား၍ သုံးသပ်ထားသည်။ ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း မြန်မာနိုင်ငံ၏ အသက် ၇နှစ်မှ ၁၆နှစ်ကြားရှိ ကလေးသုံးပုံတစ်ပုံသည် အလုပ်လုပ်နေကြရသည်ဟု ဆိုသည်။
“လမ်းပေါ်မှာ လက်ဖက်ရည်ဆိုင်တွေမှာ ကျောင်းနေအရွယ်လေးတွေ အလုပ်လုပ်နေကြတာ မမြင်ချင်လောက်အောင်ကို အများကြီးပဲ။ သူတို့အတွက် တစ်ခုခုလုပ်ပေးဖို့ အရမ်းအရေးကြီးတယ်”ဟု ရန်ကုန်တိုင်းအတွင်း ရပ်ရွာအခြေပြု ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ကိုင်သူ ကိုကျော်စွာက ပြောသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILOက ကမ္ဘာပေါ်တွင် ကလေးအလုပ်သမား အရေအတွက် ၂၀၀၀ပြည့်နှစ်တွင် ၂၄၆သန်း ရှိရာမှ ၂၀၁၃ခုနှစ်တွင် ၁၆၈သန်းအထိ ကျဆင်းခဲ့သည်ဟု ယခုလ ၂၃ရက်တွင် ကြေညာခဲ့သည်။ ကလေး အလုပ်သမား အများဆုံးရှိရာ ဒေသတစ်ခုဖြစ်သည့် အာရှ-ပစိဖိတ်ဒေသတွင် ၂၀၀၀ပြည့်နှစ်တွင် ၁၁၃ဒသမ ၆သန်းရှိရာမှ ၂၀၁၃ခုနှစ်တွင် ၇၈သန်းသို့ ကျဆင်းခဲ့သည်။
“ဒါဟာ ကျေနပ်ဖွယ်ကောင်းတဲ့ ကျဆင်းနှုန်း မဟုတ်ပါဘူး။ အင်မတန် နှေးလွန်းပါတယ်”ဟု ILO ညွန်ကြားရေးမှူးချူပ် ရိုင်းရိုင်ဒါက ပြောသည်။ ထို့အပြင် နိုင်ငံတွင် ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော မိသားစုများတွင် အခြေခံ လိုအပ်ချက်များအတွက် ကလေးငယ်များမှာ ကျောင်းစာသင်ကြားရေးထက် လုပ်ငန်းခွင်များတွင် ၀င်ငွေရရှိရေးကို လုပ်ကိုင်နေရသည်ဟု ယူနီဆက်ဖ်၏ ညွန်ကြားရေးမှူးက အဆိုပါ ကြေညာချက်တွင် ထောက်ပြေ၀ဖန်သည်။
“အစိုးရ မထိန်းချူပ်တဲ့ နယ်မြေတွေဘက်က ဒုက္ခသည် စခန်းတွေမှာ ကလေးတွေ စာကောင်းကောင်း မသင်ရဘူး။ ဆရာ/ဆရာမလည်း မလုံလောက်ဘူး။ မိဘတွေက ၀င်ငွေမရှိတော့ တရုတ်နယ်စပ်မှာ အလုပ်သမားအနေနဲ့ ကလေးတွေကို ခိုင်းကြတယ်။ အိမ်ဖော်အဖြစ်နဲ့ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ တော်တော်များတယ်”ဟု စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် ကလေးငယ်များ ကျောင်းစာသင်ကြားမှုနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း အသင်းတော် (KBC)၏ ဖွံ့ဖြိုးရေး တာ၀န်ခံ ဦးကွမ်ရှောင်က ပြောသည်။ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ညီလာခံကို အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး မူဝါဒများ ခိုင်မြဲစေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာများ ချမှတ်သွားမည်ဟု သိရသည်။
Ref-Myanmar ICT New
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.