မွန်ပြည်နယ် သထုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး တာဘိုင်များ အသစ်တည်ဆောက်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၁၄၀ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် မစ္စတာ ခန်သန်ရှန်ကာက ပြောကြားသည်ဟု သိရသည်။ ယင်းစီမံကိန်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိ အသုံးပြုလျက်ရှိသည့် တာဘိုင်များနေရာတွင် စွမ်းဆောင်ရည် မြင့်မားပြီး နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုထားသည့် တာဘိုင်များနှင့် အစားထိုး လဲလှယ်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
မစ္စတာခန်သန်ရှန်ကာက “ရှိပြီးသား စက်အဟောင်းတွေ နေရာမှာ စက်အသစ်တွေ အစားထိုးပြီး လုပ်သွားမယ်။ အဲဒီကရတဲ့ ဓာတ်အားကို နိုင်ငံတော်ဓာတ်အားကိုင်းထဲ ထည့်ပေးပြီးတော့ မီးမရတဲ့ဒေသတွေအတွက် ဆောင်ရွက်ပေးသွားမယ်”ဟု ပြောသည်။ အဆိုပါ ချေးငွေများ ရရှိရန်အတွက် လာမည့်အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့အကြား လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး ယင်းငွေများကို နှစ် ၄၀အတိုးမဲ့ ထုတ်ချေးသွားမည်ဖြစ်ကာ ဆိုင်းငံ့ကာလ ၁၀နှစ် သတ်မှတ်ထားပြီး ၀န်ဆောင်မှုအဖြစ် သုညဒသမ ၇၅ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း သိရသည်။
ယင်းက “တည်ဆောက်ရေးလုပ်ငန်းတွေကိုတော့ ၀န်ကြီးဌာနနဲ့ လုပ်သွားမယ်။ တည်ဆောက်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာ တင်ဒါ တွေခေါ်ပြီး ဆောက်ရွက်သွားမယ်”ဟု ထပ်မံပြောသည်။ ကမ္ဘာ့ဘဏ်အနေဖြင့် အဆိုပါ စီမံကိန်းကို လာမည့် နှစ်ကုန်ပိုင်းအတွင်း စတင်နိုင်ရန် ရည်မှန်းထားပြီး မြန်မာနိုင်ငံအပေါ် အကူအညီပေးမည့် စီမံကိန်းများ၏ ပထမဆုံး စီမံကိန်းတစ်ခုဖြစ်သည်ဟု ဆိုသည်။ ယင်းစီမံကိန်းသည် လက်ရှိသက်တမ်းလွန်နေသည့် တာဘိုင်အဟောင်းများနေရာတွင် တူညီသည့် ဓာတ်ငွေ့ပမာဏာကို အသုံးပြုပြီး ၂၅ရာခိုင်နှုန်း ပိုမိုသည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်မည့်အပြင် ရန်ကုန်နှင့်ဧရာ၀တီတိုင်းဒေသကြီးတို့ကို လျှပ်စစ်ဓာတ်အား ၅ရာခိုင်နှုန်း ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း သိရပါသည်။
Ref-Myanmar ICT New
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.