0

အိုင်တီပစ္စည်းများနှင့် အ၀တ်အထည်၊ အသုံးအဆောင် ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် မှာယူသည့် အွန်လိုင်းရှော့ပင်းမှာ ယခုနှစ် အတွင်း၌ လူငယ်များအကြား ခေတ်စားလာနေသော်လည်း ပြည်တွင်းအွန်လိုင်း ငွေပေးချေမှုစနစ် မရှိသေးခြင်းကြောင့် ရေရှည် ဆောင်ရွက်ရန် အခက်အခဲ ရှိနိုင်ကြောင်း၊ အိုင်တီပညာရှင်အချို့နှင့် အွန်လိုင်းရှော့ပင် ဆောင်ရွက်သူတချို့က စက်တင်ဘာ ၁၅ရက်တွင် စံတော်ချိန်သို့ ပြောသည်ဟု ဆိုသည်။


အိုင်တီပစ္စည်းများနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို အွန်လိုင်း၌ပင် တစ်ထိုင်တည်းကြည့်ရှု မှာယူရုံဖြင့် အိမ်အရောက် လာရောက် ပို့ဆောင်ပေးမှုကြောင့် အဆိုပါ အွန်လိုင်းရှော့ပင်းသည် လူငယ်များအကြား ပိုမို စိတ်၀င်စားမှု များနေခြင်းဖြစ်ကြောင်း သိရသည်။

“ကိုယ့်ပစ္စည်းတစ်ခုကို ပွဲစားမလိုပဲနဲ့ အွန်လိုင်းပေါ်တက်၊ အွန်လိုင်းမှာ ရောင်းတာကတော့ ကောင်းပါတယ်။ နည်းပညာ ဖွံ့ဖြိုးမှုတွေထဲက တစ်မျိုးပေါ့။ ဒါပေမယ့် လိုအပ်ချက်က အခုချိန်ထိ အွန်လိုင်းပေးချေမှုစနစ် မရှိသေးပါဘူး။ တကယ်က အခု ဖြစ်နေတာတွေက မြန်မာ့နည်း၊ မြန်မာ့ဟန်ပဲ ရှိသေးတယ်။ ဥပမာ- ကျွန်တော် ဖုန်းဟန်းဆက်တစ်လုံး ရောင်းမလို့ facebook ပေါ်တက်၊ အရောင်းအ၀ယ် အုပ်စုထဲကို ၀င်ပြီး ဓာတ်ပုံနဲ့ ဈေးထားခဲ့မယ်။ အဲဒါကို ၀ယ်ချင်တဲ့သူကလည်း ဈေးနှုန်းကို ကွန်မန့်မှာပေးခဲ့မယ်။ အရောင်းအ၀ယ်တည့်ရင် အပြင်မှာ တွေ့ပြီး ငွေချေမယ်။ ဒါပေမယ့် တကယ် ဖြစ်သင့်တာက ပစ္စည်းကို ၀န်ဆောင်မှု လုပ်ငန်းတစ်ခုခုကနေပြီးတော့ ပို့ပြီး ပစ္စည်းရရင် အွန်ုလိုင်းပေါ် ငွေချေပေး။ ဒီလိုမျိုးတွေတော့ မြန်မာနိုင်ငံအနေနဲ့ လိုအပ်ချက်တွေ ရှိသေးတာပေါ့”ဟု အိုင်တီပညာရှင် တစ်ဦးဖြစ်သူ ကိုပြည့်စုံက ပြောသည်။

အွန်လိုင်းရှော့ပင်းတွင် ယောကျာ်းလေးအများစုသည် အိုင်တီနှင့် ဆက်စပ်ပစ္စည်းများကို မှာယူလေ့ရှိပြီး မိန်းကလေးအများစုက အလှအပဆိုင်ရာ ပစ္စည်းများကို မှာယူမှု အထူး များပြားလာနေကြောင်း သိရသည်။ ဈေး၀ယ်စင်တာများတွင် ၀ယ်ယူရသည့် ဈေးနှုန်းနှင့် မကွာခြားပဲ ၀န်ဆောင်ခ နှုန်းထား ကောက်ခံမှုများမှာလည်း အလွန်နည်းပါးသောကြောင့် ဖြစ်သည်ဟု သိရသည်။

“အရင်တုန်းက ရုံးပိတ်ရက်ရောက်မှ ကိုယ်လိုချင်တဲ့ အိတ် ဒီဇိုင်းတွေ၊ အကျၤီတွေကို တစ်ဆိုင်၀င် တစ်ဆိုင်ထွက် လိုက်ရှာရတယ်။ ဆိုင်သာကုန်ရင် ကုန်မယ်။ ဘာမှမရတာတောင် ရှိတယ်။ အွန်လိုင်းရှော့ပင်းကျတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းကို တစ်နေရာတည်းမှာပဲ ရှာလို့ရပြီး တစ်ခါတည်း မှာလို့ရတယ်။ သူက အိမ်တိုင်ရာရောက် လာပို့တယ်။ ဒါပေမယ့် လာပို့ရတဲ့ နေရာအကွာအေ၀းပေါ် မူတည်ပြီး တက္ကစီခတော့ ပေးရတယ်။ အွန်လိုင်းပေးချေမှုဆိုရင် သူတို့လည်း မပင်ပန်းဘူး။ ကိုယ်လည်း အကုန်အကျ ပိုသက်သာတယ်။ အချိန်လည်း မကုန်တော့ဘူး။ ပိုကောင်းသွားတာပေါ့။”ဟု ရုံး၀န်ထမ်း အမျိုးသမီးတစ်ဦးဖြစ်သူ မလင်းလင်းက ပြောပြသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းရှော့ပင်းစနစ် စတင်ခေတ်စားလာနေသော်လည်း ပြည်သူအချို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရသည်များလည်း ရှိနေသေးကြောင်း၊ အွန်လိုင်းရှော့ပင်း ၀က်ဘ်ဆိုဒ်အချို့က သုံးသပ်သည်ဟု သိရသည်။

“အချို့လူတွေကျတော့ အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ အချိန်မှာ အဲဒီအိမ်က လိပ်စာမှားနေပါတယ်။ မ၀ယ်ထားပါဘူး”လို့ ပြောထုတ်ကြတယ်။ သူတို့တွေက အရင်တုန်းက မှာထားတာ ဖြစ်နိုင်ပေမယ့် တကယ်ရောက်လာတဲ့ အချိန်မှာ ပိုက်ဆံပြတ်သွားလို့ ငြင်းလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အွန်လိုင်းရှော့ပင်း ဆောင်ရွက်သူတွေက သူများကို ပြန်ရောင်းရမယ့် ကိစ္စရယ်။ လာရတဲ့ ဒုက္ခရယ်နဲ့ အဆင်မပြေ ဖြစ်ကြရတယ်။ ဒါကြောင့် အွန်လိုင်း ပေးချေမှု လိုတယ်ပြောတာပါ။ အွန်လိုင်း ပေးချေမှုမရှိတော့ လာပို့ရတာလည်း ရက်နောက်ကျတာမျိုးတွေ ရှိတော့ ရောင်းသူရော ၀ယ်သူရော ဒုက္ခရောက်ကြရတာတွေ ရှိတယ်။ ပြီးတော့ ဒီစိတ်ဓာတ်လေးတွေ ပြင်သင့်တယ်လို့ ထင်တယ်”ဟု အွန်လိုင်းရှော့ပင်း ဆောင်ရွက်သူ ကိုဇော်မင်းက ပြောသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင်း အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုစနစ် အကောင်အထည် ဖော်ရေးအတွက် ပြည်တွင်း ဦးဆောင်ဘဏ်များက ဆောင်ရွက် နေကြသော်လည်း ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ မပြည့်စုံခြင်းကြောင့် အွန်လိုင်းငွေပေးချေမှုစနစ် တွင်ကျယ်ရန် ဆောင်ရွက်ရေးမှာ အခက်အခဲ ဖြစ်လျက်ရှိကြောင်း အိုင်တီပညာရှင်များက သုံးသပ်ကြသည်ဟု သိရသည်။

Ref-Myanmar ICT News

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top