0
ရန်ကုန် ဇွန် ၁၉
ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့် အရေးပေးသည့်စနစ်  Generalized System of Preferences (GSP)နှင့် ပတ်သက်၍ EU အဖွဲ့ဝင် (၂၇) နိုင်ငံတို့က ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံ များအား ရည်ရွယ်ချက် (၃)ချက်ဖြင့် သွင်းကုန် တင်ပို့မှု အခွန် ကောက်ခံခြင်းကို သုညရာခိုင်နှုန်း လျှော့ချကောက် သွားမည့်စနစ်ကို  ယခုလအတွင်း၌ EU ပါလီမန်မှ  ဆုံးဖြတ် အတည်ပြု သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံများ Least Developing Countries (LDC) အား (၁) စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာစေရန်၊ (၂) စက်မှု ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့်  (၃) ပို့ကုန် အခြေပြု နိုင်ငံခြား ဝင်ငွေ တိုးတက်လာစေရန် ရည်ရွယ်၍ ယင်း LCD နိုင်ငံများ၏ မူရင်းထုတ်ကုန်များ (မည်သည့် ထုတ်ကုန်မဆို ပါဝင်ပြီး စစ်လက်နက် ပစ္စည်းများ မပါဝင်သည့်) တင်ပို့မှုသွင်းကုန် အခွန်ကောက် ခံခြင်းအား သုည ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံသွားမည့် စနစ်ဖြစ် သည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် များအရ မြန်မာနိုင်ငံသည် ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံး ၄၉ နိုင်ငံ စာရင်းတွင် ပါဝင်နေပြီး မြန်မာနိုင်ငံတွင် ရုပ်သိမ်းခဲ့သော ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့် အရေး ပေးသည့် စနစ်အား မြန်မာနိုင်ငံ၏ အထွေထွေ ပြုပြင် ပြောင်းလဲမှုများကြောင့် ပြန်လည်စတင်ရန် EU ကော်မရှင်မှ EU ပါလီမန်သို့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် အဆိုပြု တင်သွင်း ခဲ့ပြီး ယင်းအဆိုပြုချက်အား EU ပါလီမန်၌ ယခုနှစ် ဇွန်လတွင် ဆုံးဖြတ် အတည်ပြု သွားမည်ဟု သိရသည်။
EU ၏ ကုန်သွယ်မှု ဆိုင်ရာ အထူး အခွင့်အရေး ပေးသည့်စနစ် အတွက် မူရင်းထုတ်ကုန် သတ်မှတ်ခြင်းနှင့် ပတ်သက် သည့် အချက်များသည် (၁) ပြည်တွင်း၌ ထုတ်လုပ်မှု အဆင့်များ (အစမှ အဆုံးတိုင် ထုတ်လုပ်ခဲ့သည့် ထုတ်ကုန် ပစ္စည်း)နှင့် (၂) ပြည်ပမှ ကုန်ကြမ်းများ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ် လုပ်ထားသည့် ထုတ်ကုန်ပစ္စည်း များကိုသာ ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့် အရေး ခံစားခွင့် ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံသား ပို့ကုန် တင်ပို့သူများကိုသာ အဆိုပါ အခွင့်အရေး ပေးမည်ဖြစ်သည်။
အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများမှ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ၍ ကုန်ပစ္စည်းများ ထုတ်လုပ်၍ EU နိုင်ငံများသို့ တင်ပို့ခြင်းအပေါ် သွင်းကုန် အခွန် သုညရာခိုင်နှုန်း ခံစား ခွင့်ပေးမည် မဟုတ်ဟု သိရသည်။
ဆက်လက်၍ EU ကော်မရှင် အနေဖြင့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ပေးသည့် စနစ်အသစ် (Commission Regulation (EU) No-1063/2010) အား ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကုန်သွယ်မှု ဆိုင်ရာ အထူး အခွင့်အရေး ပေးသည့် စနစ်သစ်အား ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင် အသက်ဝင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် EU ၏ ကုန်သွယ်မှု ဆိုင်ရာ အထူး အခွင့်အရေးပေးသည့်စနစ် (GSP)နှင့် မူရင်း ထုတ်ကုန်ဖြစ်မှု သတ်မှတ်သည့် ဥပဒေဆိုင်ရာ (Rules of Origin) ကိစ္စရပ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတို့က တာဝန်ယူ ဆောင်ရွက် သွားရမည်ဟု သိရသည်။

မြ၀တီ

Post a Comment

 
Top