0
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရှင်းလင်းစဉ်
 ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပြင်ဆင်မည် ဆိုခြင်းမှာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားသည်။

မီဒီယာ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် သတင်းထောက် တစ်ဦးမှ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

=====================================================================


နိုင်ငံတော် လုံခြုံရေးနဲ့ နိုင်ငံတော် အကျိုးစီးပွားအတွက် အကျိုးပြုတဲ့ ဥပဒေဖြစ်တယ်။ ထို့ကြောင့် ဒီဥပဒေကို လက်ရှိအတိုင်းပဲ ဆက်လက်အသုံးပြုမယ်။ မှတ်တမ်းတင်ထားပါဆိုတဲ့ တရားဝင် အချက်အလက်တွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီဥပဒေကို လတ်တလော ပြင်စရာ မရှိပါဘူး . . .

====================================================================

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက "၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်မယ်လို့ ကျွန်တော်တို့ တစ်ခါမှ မပြောခဲ့ဖူးဘူး။ ကျွန်တော်တို့ ဌာနကလည်း တရားဝင်ပြောဆိုခဲ့တာ မရှိပါဘူး။ သို့သော်လည်း ကျွန်တော်ခရီးသွားပြီး ပြန်လာတော့ ဒီပြဿနာကို ကျွန်တော်ကြားပါတယ်။ ကျွန်တော် အရင်တုန်းက ခဏခဏ ပြောခဲ့သလို ၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်ကတည်းက ခြောက်နှစ်ခွဲလောက် အချိန်ယူပြီး တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ လူထုအသီးသီးကို သွားရောက်တွေ့ဆုံပြီး လူထုဆန္ဒနဲ့ ဆွဲခဲ့တာပါ။ ဒီဘက်အစိုးရ လက်ထက်ရောက်တော့လည်း ပြည်ထောင်စု လွှတ်တော်မှာ ဒီဥပဒေကို ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး အဆိုတစ်ရပ် တင်သွင်းခဲ့တာကြောင့် လွှတ်တော်မှာ ရှစ်ဦးလောက် အကျေအလည် ဆွေးနွေးပြီး နောက်ဆုံးမှာ ဒီဥပဒေသည် အချိန်ယူပြီး ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ နိုင်ငံတော် အကျိုးစီးပွားအတွက် အကျိုးပြုတဲ့ ဥပဒေဖြစ်တယ်။ ထို့ကြောင့် ဒီဥပဒေကို လက်ရှိအတိုင်းပဲ ဆက်လက်အသုံးပြုမယ်။ မှတ်တမ်းတင်ထားပါဆိုတဲ့ တရားဝင် အချက်အလက်တွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီဥပဒေကို လတ်တလော ပြင်စရာ မရှိပါဘူး။ ပြင်ဖို့လည်း တစ်ချိန်တစ်ခါမှ ပြောဆိုခဲ့တာ မရှိပါဘူး။ နားလည်မှု လွဲကောင်းလွဲနိုင်ပါတယ်" ဟု ရှင်းလင်းပြောကြားသည်။

မူရင်းလင့်

Post a Comment

 
Top