ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို လွှတ်တော်တွင်းရှိ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် တစ်ဦးစီဖြင့် အချိုးကျ ဖွဲ့စည်းရန် လျာထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကော်မတီကို လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ ၂၀ မှ ပူးပေါင်းကော်မတီဝင် ၁၀၇ ဦး လျာထားပြီး လွှတ်တော်တွင်းရှိ နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ် အချိုးကျ အရေအတွက်အရ အနည်းဆုံး တစ်ဦးပါဝင်နိုင်စေရန်အတွက် တစ်ရာခိုင်နှုန်း မပြည့်သည့် နိုင်ငံရေး ပါတီများအတွက် ဖြည့်စွက်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
ကော်မတီဖွဲ့စည်းရန် အတွက် နိုင်ငံရေး ပါတီအလိုက် ကိုယ်စားလှယ် လျာထားစာရင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၅၂ ဦး (၅၂ ဒသမ ၄၈ရာခိုင်နှုန်း)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခုနစ်ဦး (၆ ဒသမ ၆၆ ရာခိုင်နှုန်း)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ လေးဦး (၃ ဒသမ ၄၁ ရာခိုင်နှုန်း)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ သုံးဦး(၂ ဒသမ ၄၈ ရာခိုင်နှုန်း)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှစ်ဦး (၂ ဒသမ ၀၁ ရာခိုင်နှုန်း)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှစ်ဦး (၁ ဒသမ ၀၈ ရာခိုင်နှုန်း)၊ ချင်းတိုးတက်ရေးပါတီ နှစ်ဦး (၀ ဒသမ ၉၃ရာခိုင်နှုန်း)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ တစ်ဦး (၀ ဒသမ ၇၇ ရာခိုင် နှုန်း)၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ တစ်ဦး (၀ ဒသမ ၇၇ ရာခိုင်နှုန်း)၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်တစ်ဦး (၀ ဒသမ ၆၂ ရာခိုင် နှုန်း)၊ တစ်သီးပုဂ္ဂလ တစ်ဦး (၀ ဒသမ ၆၂ ရာခိုင်နှုန်း)၊ ချင်းအမျိုးသား ပါတီတစ်ဦး (၀ ဒသမ ၄၆ ရာခိုင်နှုန်း)၊ ''၀''ဒီမိုကရက်တစ်ပါတီ တစ်ဦး (၀ဒသမ ၄၆ ရာခိုင်နှုန်း)၊ ကရင် ပြည်သူ့ပါတီတစ်ဦး (၀ ဒသမ ၃၁ ရာခိုင်နှုန်း)၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ တစ်ဦး (၀ ဒသမ ၃၁ ရာခိုင်နှုန်း)၊ တအောင်း (ပလောင်) အမျိုးသားပါတီ တစ်ဦး (၀ ဒသမ ၃၁ ရာခိုင်နှုန်း)၊ အမျိုးသား ဒီမိုကရေစီပါတီသစ် တစ်ဦး (၀ ဒသမ ၃၁ ရာခိုင်နှုန်း)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီတစ်ဦး (၀ ဒသမ ၁၆ ရာခိုင်နှုန်း)၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတစ်ဦး (၀ ဒသမ ၁၆ ရာခိုင်နှုန်း)၊ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ဦး(၂၅ ဒသမ ၇၀ရာခိုင်နှုန်း) ဖြင့် ဖွဲ့စည်းသွားရန် လျာထားကြောင်း သိရသည်။
ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် လွှတ်တော်တွင်း ပါရှိသော တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မတူညီသော ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ကိုယ်စားလှယ်များ၊ အမျိုးသမီး ကိုယ်စားလှယ်များကို အင်အားအများဆုံး နိုင်ငံရေးပါတီ၏ အရေအတွက်ထဲတွင် ထည့်သွင်းပြီး ပါဝင်ဆောင်ရွက်ရန် လျာထားကြောင်း၊ လက်ရှိပြည်ထောင်စု လွှတ်တော်တွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၁၆ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၆၄ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး၊ စုစုပေါင်းပါတီ ၁၈ ခုမှ ၆၄၆ ဦး၊ တစ်သီးပုဂ္ဂလနှင့် တပ်မတော် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အနေဖြင့် နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည့် အတွက် နိုင်ငံတော်၏ တရားစီရင်ရေး အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများအနက် နိုင်ငံလူဦးရေ စုစုပေါင်း၏ ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် အထက်ရှိသည့် သတ်မှတ်ထားသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် နေထိုင်ကြသည့် လူမျိုးများမှ အပ ကျန်တိုင်းရင်းသား လူမျိုးများအနက် လူဦးရေ အနည်းဆုံး ၁၀၀၀၀ အထက်ရှိကြောင်း သတ်မှတ်သည့် တိုင်းရင်းသား လူမျိုးများ၊ လွှတ်တော်တွင်း မရောက်သေးသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ပြင်ပဥပဒေ ပညာရှင်များ၊ အခြားသော ပြည်သူလူထု ကိုယ်စားလှယ်များ ပါဝင်သည့် အတိုင်ပင်ခံ အဖွဲ့ဖွဲ့၍ အကြံဉာဏ်များ ရယူနိုင်ကြောင်း သိရသည်။
First Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.