0
အခုတလောမှာ အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ အမျိုးသားရေးဆန်တဲ့ ဦးဝီရသူကို အကြောင်းပြုပြီး သံဃာထုအပေါ်မှာ ရိုင်းစိုင်းစွာ စော်ကားမှုတွေ အတော်ကြီးကို များပြားလာတာကို တွေ့မြင်ခဲ့ရတယ်။ လစ်ဘရယ်လို့ ကိုယ့်ကိုယ်ကိုယ် အမည်တပ်ထား သူတွေဟာ စည်းလွတ်ဝါးလွတ်ကိုပဲ သံဃာထုအပေါ်ကို တိုက်ခိုက်လာခဲ့တာကို မမြင်ချင်ဘဲ မြင်တွေ့နေရတယ်။ ၀မ်းနည်းစရာ အကောင်းဆုံးကတော့ သံဃာထုအပေါ်မှာ မိုက်ရိုင်းစွာ စော်ကားလာသူတွေဟာ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ရဲ့သတင်းတွေ၊ ဓာတ်ပုံတွေကို တင်လေ့ရှိတဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီးလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက လူတွေဖြစ်နေတာပါပဲ။
အများအားဖြင့် သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဘော်တွေကိုသာ တင်ပြလေ့ ရှိတဲ့အတွက် ဒီလိုမျိုးသံဃာထုအပေါ် ရိုင်းစိုင်းစွာ စော်ကားပြီး အမျိုးသားရေးကိစ္စနဲ့ ထိပ်တိုက် တွေ့နေတာဟာလည်း ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားလိုမျိုး လူတွေ ထင်မြင်လာကြတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားရေးဝါဒီဆန်တဲ့ အင်စတီကျူးရှင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ စစ်တပ်ပါ။ နောက် တစ်ခုကတော့ သံဃာ့အဖွဲ့အစည်းပါ။ ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်နေတဲ့အတွက် သံဃာတော်တွေဟာ အမျိုးဘာသာ စောင့်ရှောက်ရေးအတွက် အမျိုးသားရေးဝါဒီတွေ ဖြစ်လာကြပါတယ်။ သံဃာတော်တွေဟာ တိုက်ရိုက်မဲပေးပိုင်ခွင့် မရှိဘူး၊ ဒါပေမဲ့ ဒီသံဃာတော်တွေဟာ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ရာခိုင်နှုန်း ၇၀ လောက်ထိ ရှိနိုင်တဲ့ ပြည်သူတွေအပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ ကျေးလက်တောရွာတွေမှာ သံဃာတော်တွေဟာ ဆုံးမပြုပြင်သူတွေ၊ လမ်းညွှန်သင်ကြားပေးသူတွေပါ။ အရင်တုန်းကတည်းက သံဃာအဖွဲ့အစည်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို လိုလားလက်ခံကြတယ်။ ဒီအကြောင်းဟာ NLD အတွက် ၁၉၉၀ နဲ့ ၂၀၁၂ Landslide နိုင်ရခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ အခုတော့ NLD နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းဟာ အမျိုးသားရေးဝါဒီဆန်တဲ့ ဦးဝီရသူနဲ့ လစ်ဘရယ်ဝါဒကို အကြောင်းပြုပြီး သံဃာတော်တွေနဲ့ ထိပ်တိုက်တိုးလာတယ်။ မြန်မာပြည်မှာ သံဃာတော် ငါးသိန်းကျော် ရှိပါတယ်။ ဒီထဲမှာ ၀ိနည်းမလေးစား မလိုက်နာတဲ့ သံဃာဟာ ၁၀ ရာခိုင်နှုန်းထက် မပိုနိုင်ပါဘူး။ ဒါ့ကြောင့်သာ အခုချိန်ထိ မြန်မာနိုင်ငံဟာ ထေရ၀ါဒ နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေတာပါ။ အခုလို အနည်းစု သံဃာကိုထောက်ပြီး ဘာသာရေး ပုတ်ခတ်မှုတွေ လုပ်လာတာ၊ သံဃာထုနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားလာတာ၊ အမျိုးသားရေးဝါဒကို အစွန်းရောက်အဖြစ် ပုံဖော်လာတာတွေဟာ NLD အတွက် ကောင်းတဲ့ အလားအလာတစ်ခု မဖြစ်နိုင်ပါဘူး။
ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မဟုတ်မမှန် ဝေဖန်ထားတဲ့ TIME မဂ္ဂဇင်းနဲ့ ပတ်သက်လို့လည်း NLD ထောက်ခံသူအချို့ရဲ့ သဘောထားဟာ ဗုဒ္ဓဘာသာဝင်အများစု တုံ့ပြန်တဲ့ သဘောထားကို ဆန့်ကျင်နေပြန်တယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် ၈၅ ရာခိုင်နှုန်းကျော် နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ TIME မဂ္ဂဇင်းရဲ့ စွပ်စွဲဝေဖန်မှုတွေဟာ ဦးဝီရသူ တစ်ယောက်တည်းသာ မဟုတ်ဘဲ အခြားဗုဒ္ဓဘာသာများကိုပါ နှိမ့်ချသလို ဖြစ်နေတယ်။ ဒီအတွက် ဗုဒ္ဓဘာသာဝင် အများစုဟာ မကျေမနပ်နဲ့ ဆန့်ကျင်ကန့်ကွက်ကြတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာလည်း NLD ထောက်ခံသူတွေဟာ မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုကို ပြုလုပ်ပြီး TIME မဂ္ဂဇင်းကို အားပေးထောက်ခံခဲ့ကာ TIME မဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campaign ကိုတောင် ရှုတ်ချပြစ်တင်ခဲ့တယ်။ TIME ကို ကန့်ကွက်ခဲ့ကြတာဟာ ဦးဝီရသူကို ထိခိုက်တာ တစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ နောက်ကွယ်က အကြောင်းရင်းတွေကို မဖော်ပြဘဲ ဗုဒ္ဓဘာသာကိုသာ သေးသိမ်အောင် စော်ကားတဲ့ ပုတ်ခတ်မှုတွေကြောင့်လည်း ပါပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာရေးအရ ယုံကြည်မှု ပြင်းထန်ပြီး လူဦးရေ သိပ်သည်းဆလည်း များလွန်းတဲ့ နိုင်ငံတွေကြားက တစ်နိုင်ငံပါ။ ဒီလိုအချိန်မှာ လုံးဝ ဘာသာရေး အမျိုးသားရေးမပါတဲ့ နိုင်ငံရေးဆိုတာဟာ မဖြစ်နိုင်သေးဘူး။ ဒီအတွက် ညှိနှိုင်းယူရမယ့် အစားကို လစ်ဘရယ်လို့ ယူဆထားတဲ့ NLD ထောက် ခံသူတွေဟာ Total Secularism ကိုင်တွယ်ပြီး အမျိုးသားရေးဝါဒီတွေ အပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေတာဟာ လူထုအားတွေ အများကြီး ဆုံးရှုံးသွားနိုင်တဲ့အတွက် နိုင်ငံရေးအရ ပါးရည်နပ်ရည် မရှိဘူးဆိုရမယ်ထင်တယ်။ လစ်ဘရယ်တွေဟာ တချို့ကိစ္စတွေမှာ လက်ရှောင်နေသင့်တဲ့အစား မိုက်မိုက်ကန်းကန်းကို ပြည်သူနဲ့ ထိပ်တိုက်တွေ့နေတယ်။

===================================================================

ဒီထောင်ချောက်တွေ အကုန်လုံးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ Landslide အနိုင်ရလိုက်ခြင်းကြောင့် ၂၀၁၅ မှာ NLD အပေါ် တရားနည်လမ်းနဲ့ အသာရလာဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို သိသွားတဲ့ အချိန်ကစပြီး ဖြစ်လာရတာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဖြေရှင်းရခက်တဲ့ အကြီးမားဆုံး ထောင်ချောက်တစ်ခုနဲ့ ကြုံတွေ့နေရပါပြီ

=========================================================

အတိုက်အခံဟာ တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခုမိခဲ့တယ်။ အစိုးရစီမံကိန်းတွေနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခုမိတယ်၊ နောက်တစ်ခါ ခိုးဝင်ဘင်္ဂါလီအရေးနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခု ထပ်မိပြန်တယ်။ အခုချိန်ထိတော့ အတိုက်အခံဟာ ဒီထောင်ချောက်တွေ အပေါ်မှာ ခံနိုင်ရည်ရှိသေးတယ်။ လူထုအားကို ရထားတဲ့ အဓိက ပါတီကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည် နေသေးတယ်။ ဒါပေမဲ့ ကိစ္စတစ်ခု ဖြစ်ပြီးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ယုံကြည် ထောက်ခံမှုတွေ ကျကျလာတာကို တွေ့မြင်နိုင်မှာပါ။ NLD ဟာ ၂၀၁၅ မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ချင်တယ်ဆိုရင် ဒါတွေကို သတိပြုမှ ဖြစ်လိမ့်မယ်။ ဒီထောင်ချောက်တွေ အကုန်လုံးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ Landslide အနိုင်ရလိုက်ခြင်းကြောင့် ၂၀၁၅ မှာ NLD အပေါ် တရားနည်လမ်းနဲ့ အသာရလာဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို သိသွားတဲ့ အချိန်ကစပြီး ဖြစ်လာရတာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဖြေရှင်းရခက်တဲ့ အကြီးမားဆုံး ထောင်ချောက်တစ်ခုနဲ့ ကြုံတွေ့နေရပါပြီ။ အခုလို အမျိုးသားရေး ၀ါဒကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် လူကြိုက်နည်းအောင် လုပ်လာတာဟာ ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာ အသိသာကြီးပါ။ လက်ရှိမှာလည်း NLD လစ်ဘရယ်များနဲ့ အမျိုးသားရေး ၀ါဒီတွေအကြား အတော်ကြီးကို အမုန်းပွားနေကြပြီ။ အမျိုးသားရေးဝါဒီတွေ အနေနဲ့ NLD အပေါ် ထောက်ခံမှု ကျဆင်းလာနေပြီ။ ဒီအချိန်မှာ NLD အနေနဲ့ ထောင်ချောက်တိုင်းကို ငါအင်အားကြီးတာပဲဆိုပြီး တိုးလို့မရနိုင်ဘူး။ အခုလည်း ဒီအမျိုးသားရေး ထောင်ချောက်ကို NLD ဟာ သိသိကြီးနဲ့ ၀င်တိုးနေပြန်တယ်။ စည်းရုံးညှိနှိုင်း လုပ်ဆောင်ရမယ့်အစား NLD ဘက်တော်သားတွေဟာ အမျိုးသားရေးဝါဒီတွေ အပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတယ်။ အထူးသဖြင့်တော့ သံဃာတော်တွေ အပေါ်မှာပါ စော်ကားမှုတွေ ပြုလုပ်လာခြင်းက NLD အနေနဲ့ ထောင်ချောက်ထဲကို တိုးဝင်နေတယ် ဆိုတာကို ပိုသိသာလာတယ်။ အာဏာရှင်တွေ ကိုင်အသုံးချနေတဲ့ အမျိုးသားရေးဝါဒအပေါ် လျှော့တွက်လိုက်ခြင်းဟာ NLD ကျဆုံးခန်း ဖြစ်သွားဖို့အတွက် လမ်းစဖြစ်သွားမှာကို တကယ်စိုးရိမ်မိတယ်။ ကျွန်တော်ဟာ လူမှန်းသိတတ်စ အရွယ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအပေါ်မှာ စိတ်ရော ကိုယ်ပါ နှစ်သက်သဘောကျခဲ့သူ တစ်ယောက်ပါ။ ကျွန်တော်ဟာ နိုင်ငံရေးကျွမ်းကျင်သူ တစ်ယောက် မဟုတ်ပါဘူး၊ ဘာသာရေး ကျွမ်းကျင်သူ တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒီအဖြစ်အပျက်တွေ၊ ဒီအကြောင်းအရာတွေဟာ လူငယ်တစ်ယောက် အနေနဲ့ မြင်မိတဲ့ အရာတွေပါ။ ဒါပေမဲ့ ကျွန်တော်လို လူငယ်တစ်ယောက်တောင် တွေ့မြင်နိုင်တဲ့ NLD ကို မဲဖယ်နေတာ သိသာလွန်းတဲ့ ထောင်ချောက်တွေကို ဘာ့ကြောင် NLD နဲ့ NLD ဘက်တော်သားတွေ သိသိကြီး တိုးဝင်နေတာလဲ ဆိုတာကိုတော့ တကယ်နားမလည်နိုင်ဘူး။
အမျိုးသားရေးဝါဒီဆိုတာ နိုင်ငံတိုင်းမှာ ရှိမှာပဲ။ အမေရိကန်ကို ဒီမိုကရေစီရှေ့ဆောင် နိုင်ငံအဖြစ် သတ်မှတ်မယ်ဆိုရင် အမေရိကန်က ရီပတ်ပလီကန်တွေဟာ အမျိုးသားရေးဝါဒီတွေ များတယ်ဆိုတာ အသိသာကြီးပါ။ ဒါပေမယ့် သူတို့တိုင်းပြည်အတွက် ညှိနှိုင်း ဆောင်ရွက်နေကြတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဘက်နှစ်ဘက် ရှိနေတယ် ဆိုပေမယ့် အဓိကက နိုင်ငံအတွက်ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် ကျန်တဲ့မတူညီတာတွေကို ညှိနှိုင်းအဖြေရှာရမှာပါ။ ဒါပေမဲ့ တစ်ဖက်တော့ ပြုတ်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခုလိုမျိုး သံဃာတော်တွေ အပါအ၀င် အမျိုးသားရေး ၀ါဒီတွေအပေါ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ရင်း အစွန်းရောက်တွေအဖြစ် ပုံဖော်လာနေတဲ့ NLD ရဲ့ ဘက်တော်သားတွေကြောင့် NLD ဟာ ပုံရိပ်ထိခိုက် လာနိုင်ပါတယ်။ ပြည်သူတွေနဲ့ ထိပ်တိုက်တိုးလာနိုင်တယ်။ ဒါဆိုရင် ၂၀၁၅ အတွက် NLD ရဲ့ မျှော်လင့်ချက်ဟာ ထိခိုက်သွားနိုင်တဲ့အတွက် NLD အနေနဲ့ ထောင်ချောက်ထဲကို မတိုးဝင်သွားဖို့ မျှော်လင့်ပါတယ်။

Written by သူရိန်လှိုင်ဝင်း 

Post by Eleven Media Group
 

Post a Comment

 
Top