0
 လွှတ်တော်အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

စီးပွားရေး အချက်အချာကျသည့် မြို့ကြီးများရှိ လယ်မြေများတွင် ဟိုတယ်၊ စက်သုံးဆီဆိုင်၊ အုတ်တံတိုင်းများ အခိုင်အမာ ကာရံခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို ပြဋ္ဌာန်းထားသည့် လယ်ယာမြေ ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးခြင်းနှင့် ထိရောက်သော စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ဇွန် ၂၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

''ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ လားရှိုး၊ မူဆယ် စတဲ့ စီးပွားရေး အချက်အချာကျတဲ့ မြို့ကြီးတွေမှာ လယ်ယာမြေတွေကို ငွေကြေးတတ်နိုင်သူတွေက တခြားနည်း အသုံးပြုဖို့ ၀ယ်ယူထားကြပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဈေးကစား အရောင်းအ၀ယ် ပြုလုပ်ရန် ဆောင်ရွက်နေတာတွေ၊ ဟိုတယ်၊ စက်သုံးဆီ ဆိုင်တွေကို ဥပဒေနဲ့ ညီညွတ်စွာ တင်ပြခြင်းနဲ့ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ တည်ဆောက်နေတာတွေ၊ အုတ်တံတိုင်း အခိုင်အမာ ကာရံခြင်းတွေကြောင့် စိုက်ဧကတွေ လျော့နည်းလာပါတယ်။ အဲဒါတွေ မဖြစ်ပေါ်စေဖို့ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ လယ်ယာမြေ ဥပဒေနဲ့အညီ ကာကွယ်တားဆီးခြင်းနဲ့ စိစစ်ဖော်ထုတ် အရေးယူခြင်းတွေကို ထိရောက်စွာ ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီး နယ်မြေများအတွင်း လယ်ယာမြေ ဥပဒေကို မလိုက်နာသူများ၊ ကိုယ်ကျိုးရှာသူများ ငွေကြေးကို အသုံးပြုပြီး စပါးခင်းဘ၀မှ အခြားမြေအဖြစ်သို့ ပြောင်းလဲသူများ၊ အဆောက်အအုံ ဆောက်သူများ ပေါများလာခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို စုံစမ်းစစ်ဆေး အရေးယူရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းချက်အပေါ် ''လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ လိုအပ်သည့် စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူမှုများ ဆောင်ရွက်ပေးနိုင်ရေး အတွက် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့များထံသို့လည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်တဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်စွာဖြင့် ဥပဒေကို လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရေး၊ ငွေကြေးကို အရင်းပြုပြီး ကိုယ်ကျိုးရှာသူများ၊ ဥပဒေကို ဖောက်ဖျက်နေကြ သူတွေကို ဥပဒေနဲ့ ညီညွတ်စွာ တိတိကျကျ စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူ သွားနိုင်ရန် ညှိနှိုင်း အကြောင်းကြား ထားပါတယ်'' ဟု ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြောကြားသည်။
လယ်ယာမြေ ဥပဒေတွင် လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရဟု ပါရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

First Eleven Media Group

Post a Comment

 
Top