နေပြည်တော်၊ ဇွန် ၂၅
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏
အမေရိကန်ခရီးစဉ်အတွင်း သတင်းဌာနများနှင့် တွေ့ဆုံစဉ် သမ္မတဖြစ်ချင်ကြောင်း
ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းမှ
ဝေဖန်သုံးသပ်မှု အမျိုးမျိုးပြုလုပ်နေကြချိန်တွင် သူရဦးရွှေမန်းအနေဖြင့်
ပြည်ခိုင်ဖြိုးပါတီ လက်ရှိ ဥက္ကဋ္ဌဖြစ်နေသဖြင့် ၎င်းက သမ္မတလုပ်ရန်ဆန္ဒရှိလျှင်
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် သဘောတူ ထောက်ခံ သွားမည်သာဖြစ်ကြောင်း
ပါတီပြောရေးဆိုခွင့်ရှိသူ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ဖွင့်ဟပြောကြားလိုက်သည်။
““ဥက္ကဋ္ဌဆိုတာက
ကျွန်တော်တို့ ပါတီရဲ့ အကြီးအကဲပဲ။ ပါတီရဲ့ အကြီးအကဲကို တကယ်လို့
သူကိုယ်တိုင်ကလည်း ဆန္ဒရှိတယ်ဆိုရင် ဘယ်သူက မထောက်ခံမှာလဲ။
ယေဘုယျအားဖြင့်တော့ ဒီအတိုင်းအမှန်ပဲ။ ပါတီဖြစ်တဲ့အတွက် ထောက်ခံမှာပေါ့””ဟု
ပြောကြားခဲ့သည်။
သို့သော် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး
လွှတ်တော်တွင် အင်အားအများဆုံးဖြစ်သော ပြည်ခိုင်ဖြိုးပါတီဝင်
ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် သမ္မတအဖြစ် ဦးသိန်းစိန် တင်မြှောက်ခဲ့သလို
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအများဆုံး အနိုင်ရပါက
သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံတင်မြှောက်ရန် ပါတီတွင်
စီမံကိန်းချမှတ်ထားမှု ရှိ/မရှိ အပေါ်တွင်မှု ““ဒီကာလအတွင်းမှာ
ကြိုးစားရဦးမယ်။ အခြေခံအချက် တွေညီအောင် ကြိုးစားရဦးမယ်။ အဲဒီအခါကျမှ
စဉ်းစားရမှာလေ။ အခုပြောနေကြတယ်ဆိုရင် စဉ်းစားဖို့ နည်းနည်းခက်လား။
သို့သော်လည်း ယေဘုယျအားဖြင့် ကျွန်တော်တို့ သဘောတူရမှာပဲ”” ဟု ဦးဌေးဦးက
ပြောသည်။
သူရဦးရွှေမန်း၏ သမ္မတဖြစ်ချင်ကြောင်း ဖွင့်ဟပြောကြားမှုအပေါ်
မိမိကိုယ်တိုင် သမ္မတဖြစ်ချင်ကြောင်း ပြောကြားမှုများရှိခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည်က ““အဲဒီလို ပွင့်ပွင့်လင်းလင်းပြောတာကောင်းတယ်။
နိုင်ငံရေးဆိုတာ ဒီလိုပဲလုပ်ရမှာပဲ။ နိုင်ငံရေးလုပ်နေပြီးတော့
ရှိုးတိုးရှန့်တန့်လုပ်နေရင် မဖြစ်ဘူးလေ။ အန်တီက ဒီကိစ္စနဲ့ မေးတာကို။
သမ္မတဖြစ်ချင်လားဆိုတော့ ဖြစ်နိုင်ရင်ဖြစ်ချင်တာပေါ့။ သမ္မတဖြစ်မှ ကိုယ့်ရဲ့
မူဝါဒတွေအရ ကိုယ့်တိုင်းပြည်ကို ကောင်းတယ်လို့ထင်အောင် လုပ်ပေးနိုင်တဲ့
အခွင့်အရေးရမှာလေ။ အဲဒါအမှန်ပဲ။ ဒါပေမဲ့ အန်တီ ဒီဟာကိုဆုံးဖြတ်ဖူးတယ်။
ဒီမိုကရေစီနိုင်ငံရေးလုပ်နေပြီပေါ့လေ။ ပါတီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေပြီ။
လုပ်နေပြီးတော့မှ နိုင်ငံခေါင်းဆောင် မဖြစ်ချင်သလိုလို
ဖြစ်ချင်သလိုလိုဆိုရင် ဒါဟာ အန်တီ့အနေနဲ့ ပွင့်လင်းမှုနည်းပါးတယ်လို့
ပဲထင်တယ်။ အစကတည်းက ဒီဟာလုပ်နေတာ ဘာလုပ်ဖို့လုပ်နေတာလဲ။ အန်တီတို့အနေနဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ သေသေချာချာ
ရှင်းပြထားပြီးပြီ။ ဒီမိုကရေစီစနစ်ကို ထူထောင်မယ်။
ကိုယ်လုပ်ချင်တာတွေကအများကြီးပဲ။ ဒါတွေလုပ်နိုင်ဖို့ဆိုတာ အစိုးရဖြစ်မှ။
အစိုးရဖြစ်ရင်တောင် အားလုံးမလုပ်နိုင်ဘူးနော်။ အစိုးရဖြစ်မှ လုပ်နိုင်တဲ့
အခွင့်အရေးတွေ အများဆုံးရမှာ။ အစိုးရမဖြစ်ချင်လို့ရှိရင် ဘာဖြစ်လို့
ဒီအဖွဲ့အစည်းနဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည် ဖော်ချင်ပါတယ်လို့ပြောသလဲ။
ဖော်ချင်ပါတယ်လို့ ပြောထားပြီးမှတော့ ဖော်လို့ရမယ့် အခြေအနေကိုဖန်တီးရမယ်။
ပါတီခေါင်းဆောင်ဖြစ်နေပြီးတော့ သမ္မတဖြစ်ချင်တယ်ဆိုတာ တကယ်တော့
မဖြစ်ချင်ပါဘူး တို့ပြောလို့ရှိရင် ဒါကတော့ မရိုးသားဘူးလို့ထင်တယ်။
ဦးရွှေမန်းအနေနဲ့ သမ္မတဖြစ်ချင်တယ်၊ အရွေးခံချင်တယ်လို့ ပြောတာတော့
အန်တီ့အနေနဲ့တော့ ဖြောင့်မတ်တယ်၊ ပွင့်လင်းတယ်၊ ဒါကြောင့်မို့လို့
သဘောကျတယ်”” ဟု ပြောကြားသည်။
လက်ရှိအချိန်တွင် သမ္မတ
တာဝန်ထမ်းဆောင်လျက်ရှိသော ဦးသိန်းစိန်အပါအ၀င် ထိပ်ပိုင်း
အစိုးရအဖွဲ့ဝင်များကို ယခင်နယက အစိုးရအဖွဲ့အကြီးအကဲ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးချယ်နေရာချထားပေးခဲ့သည်ဆိုသော
ဝေဖန်သုံးသပ်မှုများကိုမူ ဦးဌေးဦးက ငြင်းဆိုခဲ့သည်။ သို့သော်
မကြာမီရက်သတ္တပတ်အတွင်းက ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သူ
ဦးအောင်သောင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံတော်အလံကို
ပြည်ခိုင်ဖြိုးပါတီအားလဲခဲ့ကြောင်းနှင့် အဓိပ္ပာယ်မှာ အာဏာကို
ပါတီအားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ခဲ့သည့် နယက၏
နောက်ဆုံးအစည်းအဝေးတွင် ၀န်ကြီးများနှင့် အစိုးရအဖွဲ့ လျာထားခြင်းခံရသူများ
အကုန်ပါကြောင်း အစိုးရအဖွဲ့ကို ကြိုတင်လျာထားခဲ့သည့် သဘောမျိုးသက်ရောက်စွာ
ပြောကြားထားမှုရှိသည်။
အထက်ပါဝေဖန်သုံးသပ်ချက်နှင့် တစ်ဆက်တည်းတွင်
လက်ရှိသမ္မတရာထူးအတွက် သူရဦးရွှေမန်းကို ယခင်ကလျာထားခဲ့ပြီး နောင်တွင်မှ
ဦးသိန်းစိန်ကို သမ္မတအဖြစ် ထားရှိရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက
စိတ်ပြောင်းသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင်
သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦး ရွှေမန်းတို့ကြား
ပုဂ္ဂိုလ်ရေး ကွဲပြားမှုများရှိနေကြောင်းလည်း နိုင်ငံရေး အသိုင်းအ၀ိုင်းက
သုံးသပ် လျက်ရှိကြသည်။
ထိုသုံးသပ်ချက်များအပေါ်တွင်လည်း ဦးဌေးဦးက
ငြင်းဆိုလိုက်ပြီး ““ပါတီဥက္ကဋ္ဌကြီးဖြစ်တဲ့ သူရဦးရွှေမန်း၊
နိုင်ငံတော်သမ္မတကြီးဖြစ်နေတဲ့ အရင်တုန်းက ကျွန်တော်တို့
ပါတီဥက္ကဋ္ဌတစ်ဖွဲ့တည်းပါပဲ။ မသိတဲ့လူတွေလည်း မဟုတ်ဘူး။ အတိုက်အခံတွေလည်း
မဟုတ်ဘူး။ အတူတကွ ပူးပေါင်းပြီးတော့မှ ပါတီသည် ပါတီတာဝန်နဲ့၊ အစိုးရသည်
အစိုးရတာဝန်နဲ့ ဆောင်ရွက်မယ်။ အစိုးရသည် သူ့လုပ်ပိုင်ခွင့်၊
လုပ်နိုင်တဲ့အတိုင်းအတာ သူ့စည်းကမ်းနဲ့လုပ်မယ်။ ပါတီသည် ပါတီစည်းကမ်းနဲ့
လုပ်မယ်ဆိုတဲ့ဟာကို ဆောင်ရွက်နေကြတာပဲ””ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ
လက်ရှိနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းတို့အနက် မည်သူက သမ္မတအဖြစ် နိုင်ငံကိုဦးဆောင်ရန်
ပိုသင့်တော်ကြောင်းမှာ ပြည်သူ လူထု၏သုံးသပ်ချက်ကိုသာ
စောင့်၍နားထောင်ရမည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့်သို့ပြောသည်။
၂၀၁၅
တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားမှုပြုလိုက်သည့်
သူရဦးရွှေမန်းသည် ယခင်နယက အစိုးရလက်ထက် အမြင့်ဆုံးဖြစ်သော
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် နံပါတ် ၃
အဆင့်ရှိခဲ့သူဖြစ်သည်။
by Myanmartandawsint Newspaper (Notes) on Thursday, June 27, 2013 at 6:15pm
မူရင်းလင့်
Home
»
မြန်မာ့သတင်း
» သူရဦးရွှေမန်းအနေဖြင့် သမ္မတဖြစ်ရန်ဆန္ဒရှိလျှင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ထောက်ခံသဘောတူကြောင်းပြော
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.