0
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် အလုပ်သမားခ ငွေကြေးမပြေမလည် ဖြစ်သဖြင့် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး အဖွဲ့များက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်းနှင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက်အအုံများကို ကစ္ဆပမဟာ ဆောက်လုပ်ရေး ကုမ္ပဏီသို့ ဆောက်လုပ်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီတွင် အလုပ်သမားများ အတွက် ကြိမ်နီပြင်စခန်းမှ ဘင်္ဂါလီလူမျိုး လာလု ဆိုသူကို အလုပ်သမား ခေါင်းဆောင်အဖြစ် တာဝန်ပေး၍ တဲကြီးများကို ဆောက်လုပ်စေခဲ့ရာ အတော်အတန် ပြီးမြောက်နေပြီ ဖြစ်ပါကြောင်း၊ ဇွန် ၂၇ ရက် နေ့လည် ၁၂ နာရီ အချိန်က အလုပ်သမားခေါင်းဆောင် လာလု ဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီဒုက္ခသည်အချို့ အလုပ်သမားခ ငွေကြေးကိစ္စများ မပြေမလည် ဖြစ်ရာမှ လူအုပ်စုဖြင့် ယာယီတဲကြီးများ ဆောက်လုပ်နေသည့် အလုပ်သမား ခေါင်းဆောင် လာလုနှင့် အလုပ်သမားများကို အကြမ်းဖက် တိုက်ခိုက်ရာ လုံခြုံရေး တာဝန်ထမ်းဆောင် နေသူများက လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်ရာမှ ဘင်္ဂါလီ အမျိုးသားတစ်ဦး သေဆုံးသည်ဟု သိရကြောင်း ထုတ်ပြန်ခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက် ဖြေရှင်းနေပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးဦးသာလူချေနှင့် ၀န်ကြီးဦးလှဟန်၊ UNHCR မှတာဝန်ရှိသူတို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။
ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ အဖွဲ့ဝင် ဦးမျိုးသန့်က ''အခင်းဖြစ်တာက နေ့လည် ၁၂ နာရီမှာ ဖြစ်ခဲ့တာပါ။ UNHCR က တဲတွေဆောက်ဖို့ ကြိမ်နီပြင် ဒုက္ခသည်စခန်းက စခန်းတာဝန်ခံ လာလုကို အလုပ်သမားစုပေးဖို့ ကုမ္ပဏီက ငှားရမ်းတဲ့အတွက် လာလုက ဘင်္ဂါလီ(၃၅)ဦး စုဆောင်းပေးပါတယ်၊ သဘောထား တင်းမာသော ဘင်္ဂလီဒုက္ခသည် ခေါင်းဆောင်တွေက တဲဆောက်လုပ်ရေးအတွက် အလုပ်သမားအဖြစ် မပါဝင်ကြရန် ဆော်သြမှုတွေ ရှိပါတယ်၊ စားဝတ်နေရေးအတွက် ငွေရပေါက်ဖြစ်လို့ အလုပ်လုပ်ချင်တဲ့ သူတွေကလည်း များပါတယ်။ ၃၅ ဦးသာ အလုပ်ပေးနိုင်တော့ အလုပ်မရသူတွေကလည်း လာလုကို မကျေနပ်ရာက ပဋိပက္ခအသွင် ဆောင်ခဲ့ကြပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေက လာလုနဲ့ အလုပ်သမား ၃၅ ဦးကို အကြမ်းဖက် မခံရအောင် ကာကွယ်ပေးထားခဲ့ပါတယ်။ အလုပ်သမားတစ်ဦး ၀ါးသယ်ဖို့ အသွားမှာ ကြိမ်နီပြင်က ဘင်္ဂါလီ အုပ်စုက ခဲနဲ့လှမ်းပေါက် နောက်ကထပ်ကြပ်မကွာ တုတ်၊ ဓား၊ လက်နက်တွေနဲ့ ဆူဆူ ညံညံ ညာသံပေးပြီး လာကြပါတယ်။ ရှေ့ဆုံးမှာ ကလေးနဲ့ မိန်းမတွေလည်း ပါပါတယ်။ လုံခြုံရေး တာဝန်ယူသူတွေက အလုပ်သမားများကို ကာကွယ်ရင်း တဖက်ကလည်း မိမိတို့ကို ကာကွယ်ရင်း၊ မဖြစ်တန်တာ မဖြစ်ရအောင် သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး လူစုခွဲခဲ့ရပါတယ်၊ ဘင်္ဂါလီတစ်ဦး သေဆုံးပါတယ်။ ပေါက်တောကို သယ်ယူပြီး အလောင်းစစ်ဆေးမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

First Eleven Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top