0
နေပြည်တော် ဇွန် ၂၇
၂ဝ၁၂- ၂ဝ၁၃ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တက်ရောက် အားပေး ချီးမြှင့်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် အခြေခံပညာ အထက်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များနှင့် အောင် ချက်မြင့်မားအောင် သင်ကြားပြသ ပေးခဲ့သော ဆရာ၊ ဆရာမများအား ယခုလိုဆု ချီးမြှင့်ရသည့် အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ မိမိတို့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ အတွင်း နေ ထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည် မြင့်မားရေးနှင့်  ကျန်းမာ ကြံ့ခိုင်ရေးသည်  အထူးအရေးကြီး ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ''တကယ်ဖြစ်ချင် တကယ်လုပ်၊  အဟုတ် ဖြစ်ရမည်'' ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့ ရယူလိုသော ပန်းတိုင် ရောက်ရှိအောင် မိမိ ကိုယ်တိုင် ကြိုးစား ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထိုအောင်မြင်မှုမှ တစ်ဆင့် မိမိတို့၏ မိသားစု အကျိုး၊ နိုင်ငံတော် အကျိုးအတွက်ပါ ရရှိမည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စိတ်ဓာတ်စည်းကမ်း ကောင်းမွန်ပြီး မိဘ ဆရာသမား များမှ ပေးအပ်သော ပညာအမွေကို ရယူကာ နိုင်ငံတော် အကျိုး၊ ပြည်သူများ အကျိုး ဆောင်ရွက်နိုင် ပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မျိုးမြင့်က ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက်  ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆု များ ပေးအပ် ချီးမြှင့်သည်။
၎င်းနောက်  ဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဘာသာစုံဂုဏ်ထူးရှင်  အထက(၁) နေပြည်တော် မှ မောင်ပြည့်ဖြိုးဝင်းက ကျေးဇူးတင် စကား ပြောကြားသည်။
ဆက်လက်၍  နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေးက ပညာရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်မှု အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ယနေ့ အခမ်းအနားသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက်၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ချမ်းငြိမ်း၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် မောင်မောင် အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး စခန်းမှူး ဗိုလ်ချုပ် ဝင်းသိန်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် တင်အောင်ချစ်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မျိုးမြင့် ၊နေပြည်တော် ကောင်စီဝင် ဒေါက်တာ ပိုင်စိုး၊ ဦးကံချွန်၊ ပညာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြဦး၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ ဂုဏ်ထူး ရရှိသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘများ၊ ဆရာ၊ ဆရာမများနှင့် တာဝန် ရှိသူများ တက်ရောက် ကြကြောင်း သတင်း ရရှိသည်။

 Written by 

မြ၀တီ

Post a Comment

 
Top