ကွန်ပျူတာဖန်သားပြင်ပေါ်၊
ပေါ်လာသည့် Facebook စာသားများကိုကြည့်ရင်းကျွန်တော်တဒင်္ဂမှင်သက်သွား မိသည်။ ရှေ့ဆက်ဖတ်ရမည့်စာသားများ
ကို ဆက်လက်ဖတ်ရှုရန်လည်း မေ့လျော့ နေမိသည်။သြော် ငွေရတုတဲ့လား။
နှစ်ပေါင်း ၂၅ နှစ်တောင်ကြာခဲ့ပြီ ကိုး။ ကျွန်တော်ကွန်ပျူတာကို ဆက်လက် ကြည့်ရှုရန် ခံစားနိုင်စွမ်းအားမရှိတော့ သဖြင့်၊ ထိုရှေ့မှ ထကာခြံအတွင်း ဆင်းသက်လမ်းလျှောက်ဖြစ်ခဲ့သည်။ ထိုအချိန်မိုးဖွဲလေးများက ကျွန်တော့် ဦးခေါင်းပေါ်သို့စတင်ဆင်းသက်လာကြ သည်။ မိုးဖွဲများခန္ဓာကိုယ်ပေါ်ကျဆင်းမှု ကို ခံစားရင်း၊ ကျွန်တော့်အတွေးများသည်။

လွန်ခဲ့သည့်နှစ်ဆယ့်ငါးနှစ်ကာလဆီသို့
စီးမျောသွားခဲ့ကြသည်။
ဘာလိုလိုနှင့် ကျွန်တော့်အသက် တောင်လေးဆယ်ကျော်သွားပြီး လွန်ခဲ့ သည့်နှစ်ဆယ့်ငါးနှစ်တာအချိန်ကာလက ယုံကြည်ချက်ခိုင်မာပြီး တိုင်းပြည်အတွက် ဒီမိုကရေစီအရေးကို ဦးစားပေးတိုက်ပွဲဝင် ခဲ့သူနှမလေးအေးမွန်ကို ကျွန်တော်လွမ်း မိသည်။ သူ့အသက်ဝိဉဉ်ကျဆုံးခဲ့စဉ်က ယခုကဲ့သို့ကောင်းကင်တစ်ခုလုံးညှိုမှိုင်း ကာမိုးဖွဲလေးများ ရွာနေခဲ့သည်။ ထိုမိုးဖွဲ များ အောက်မှ လောကဓံကိုရွက်တိုက် ဖြတ်သန်းရင်း အနာဂတ်မြန်မာနိုင်ငံဒီမို ကရေစီအရေးအတွက်တိုက်ပွဲဝင်ခဲ့သူ တစ်ဦးဖြစ်သည့်မိုးကျော်သူကိုလည်း ကျွန်တော်လွမ်းခဲ့မိသည်။
ထို့အတူ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းကာလ၊ အင်းစိန်မြို့ကြီးဝရုန်း သုဉ်းကားဖြင့် မီးလောင်ပြာကျမည့်အရေး အား စွမ်းစွမ်းတမံကာကွယ်ဆောင်ရွက်ခဲ့ သည့်ဆရာငြိမ်းကျော်ကိုလည်း ကျွန်တော် လွမ်းမိပါသည်။ ကွယ်လွန်သွားရှာကြပြီ ဖြစ်သည့်ဒီမိုကရေစီအရေးတော်ပုံကာလ လုပ်ဖော်ကိုင်ဖက်များကို လွမ်းနေမိသည်။ အလွမ်းအတွေးများ၌ သက်ရှိထင်ရှား ကျန်ရှိနေကြသေးသည့်သူငယ်ချင်းများကို လည်း အမှတ်တရဖြစ်မိပါသည်။

၈၈ အရေးတော်ပုံကာလ၌ အင်းစိန် လူငယ်အစည်းအရုံးဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ခဲ့သူကိုကျော်ကျော်မင်း
(နိုင်ကျဉ်း အဖွဲ့)၊ အတွင်းရေးမှူးအဖြစ်ဆောင်ရွက် ခဲ့သူ ကိုအောင်မြတ်ထွန်း (ထောင်မှ
လွတ်လာပြီးအချိန်မှစ၍ ယခုအချိန် အထိ ဘုန်းကြီးဝတ်နေဆဲ)၊ ကိုဝင်းလွင်ဦး၊ မညိုမီ၊ ကိုရဲအောင်အစရှိသည့်အတူတကွ
ဆောင်ရွက်ခဲ့ကြသည့်သက်ရှိထင်ရှားရဲ ဘော်ရဲဘက်များကိုလည်း အလွမ်းစိတ်ဖြင့် တွေးရိပ်ထင်ခဲ့မိပါသည်။
စစ်အစိုးရအာဏာသိမ်းပြီးနောက် သုံးရက်မြောက်သော နေ့တွင် မိုးသည်း သည်းညအခါကာလ၌ ခြေသံပြင်းပြင်း
နင်းလျှောက်သံများနှင့် အတူ တီအီးကား စက်သံများဆူညံစွာဖြင့် ငရဲခန်းတစ်နေရာ ဆီသို့ခေါ်ဆောင်သွားခြင်းခံခဲ့ရသည့်အဖြစ်
ကို တွေးရင်းကြက်သီးမွေးညင်းများထကာ ကျွန်တော်၏ညာဘက်နားကို ယောင်ယမ်း ၍ ကိုင်တွယ်လိုက်မိသည်။
ကျွန်တော် ငရဲခန်းသို့ရောက်သည့်ကာလ၌ ကျွန်တော် ၏အသက်မှာ ၁၈၊ ၁၉ ခန့်သာရှိသေး သည့်အတွက်
လူပျိုပေါက်ကလေးသာသာ အဆင့်ဖြစ်နေရပါလိမ့်မည်။
ကျွန်တော့်ကို ငရဲသားများလာ ရောက်ခေါ်ဆောင်သောအချိန်၌ စွပ်ကျယ် ချိုင်းပြတ်နှင့် ဘောင်းဘီတိုကိုဝတ်ဆင် ကာအိပ်ရာဝင်စပြုသည့်အချိန်လည်းဖြစ် ပါသည်။ ထိုအချိန်၌ပင် ကျွန်တော်တို့၏ သေးငယ်သောအိမ်ကလေးသိမ့်သိမ့်တုန် အောင်လှုပ်ခါသွားစေသည့်ငရဲသားတို့၏
ခြေလှမ်းများကြောင့် ကျွန်တော်၏မိခင် မုဆိုးမကြီးမှာ တုန်လှုပ်ချောက်ချားသောကပွားခဲ့ရပါသည်။ မည်သည့်စကားမျှ မပြောနိုင်လောက်အောင်ဆွံ့အသွားသကဲ့သို့ ဖြစ်ခဲ့ရပါသည်။ မိခင်တစ်ဦးသည်ရင်၌ ကိုးလလွယ်၊ ဆယ်လဖွားခဲ့ရသည့် မိမိ၏ သားတစ်ဦးကို မိမိရှေ့မှောက်၌ သေနတ် ဒင်ဖြင့် ထုခြေဖြင့်ကန်၊ မျက်နှာဖုံးစွပ်လုပ် နေသည့်ဖြစ်ရပ်ကိုမြင်တွေ့နေရသည့် အပြင် ကိုယ်တိုင်လည်း သေနတ်ဖြင့် အချိန်ခံနေရသောကြောင့် ၀င်ရောက်ဆွဲ ငင်နိုင်မှုမရှိခဲ့ချေ။သို့အတွက် မျက်ရည်မိုး စွေရုံမှ တစ်ပါးသူမပို၍မပေးစွမ်းနိုင်ခဲ့ပေ။
ထိုသို့သော အိပ်မက်ဆိုးအတွေးများ ကိုလည်း ဖျတ်ခနဲတွေးလိုက်မိပါသေး သည်။ အဆိုးထဲကအကောင်းဇတ်ဝင်ခန်း တချို့ကိုလည်း ကျွန်တော်အမှတ်ရလိုက် မိပါသည်။ ကျွန်တော်တို့ခေါ်ဆောင်သွား သည့်ငရဲသားများသည်မှောင်ပိန်းနေသော ငရဲခန်းအတွင်းသို့တွန်းပို့ချုပ်နှောင်လိုက် သည့်အခါ၌ (မျက်နှာဖုံးကို ချွတ်လိုက်သော် လည်း မှောင်နေဆဲအခန်း)၊ ထိုအချိန် အခိုက်အတန့်အတွင်းကြင်နာယုယသော လက်တစ်စုံဖြင့် အတူနှလုံးသားမှ ယိုစီး လာသည့်စုတ်သပ်လိုက်သည့်အသံတစ်ခု ကို ကျွန်တော်ကြားသိလိုက်ရသည်။ အချိန်အနည်းငယ်အတွင်းအမှောင်ခန်း ကိုရင်ကျက်မိသောအခါ ဘယ်ကလာမှန်း မသိသည့်အသံတစ်ခုသည်ကျွန်တော်၏ အနီးနား၌ရှိနေသော သူတစ်ယောက်ထံ မှဖြစ်နေသည်ကိုသိလိုက်ရပါသည်။
မကြာမီအချိန်အတွင်းအမှောင်ခန်း အတွင်းမှ ငရဲသားအချို့ကထိုသူကိုလာ ရောက်ခေါ်ဆောင်သွားရာ ထိုငရဲခန်း အတွင်း ကျွန်တော်တစ်ဦးတည်းသာအား ငယ်စွာကျန်ရှိခဲ့ရပါသည်။ နောက်တစ်ကြိမ် ဆီငတ်နေသောသံတံခါးဖွင့်သံဖြင့် အတူလာရောက်ခေါ်ယူခြင်းခံရသူမှာ ကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့ရသည်။ ထိုကဲ့သို့ကျွန်တော်တို့နှစ်ဦးကို တစ်ယောက်တစ်လှဲ့ခေါ်ယူတာဆိုင်ကယ်စီးခိုင်းလိုက် လေယာဉ်ပျံစီးခိုင်းလိုက်ဖြင့် ငရဲသားများ တီးခတ်သော ၀ုန်းဒိုင်းကျဲဂီတသံများကို လည်း ကျွန်တော့်ညာဘက်နားအုံမှ သွေး များစီးကျလာသည်အထိနားဆင်ခိုင်းလိုက် ပြုလုပ်ခြင်းကိုခံခဲ့ကြရသည်။ ထိုအချိန် သည်မိုးအကုန်ဆောင်းအကူးကာလဖြစ် သည်။ ယင်းအချိန်နားအုံမှ ဒဏ်ရာ၏ နာကျင်ကိုက်ခဲ့မှုနှင့် ချမ်းအေးသည့် ဒဏ်ကိုစွပ်ကျယ်လက်ပြတ်ဖြင့် ခံစားနေရသည့်ကျွန်တော့်ကို တစ်ခန်းတည်းအတူ နေရသည့်မိတ်ဆွေက သူပိုင်ဆိုင်သည့် ပေါက်ပြဲနေသည့်အနွေးထည်နွမ်းနွမ်း တစ်ထည်းနှင့် ပုဆိုးအစုတ်တစ်ထည်ဖြင့် နွေးထွေးစေခဲ့ပါသည်။ ထိုမိတ်ဆွေကို ကျွန်တော်မမေ့။ထိုမိတ်ဆွေကားအခြား မဟုတ်ရှေ့နေကိုနေမင်းခေါ်ခရစ်စတိုဘာဂါးနက်ဖြစ်သည်။ သူ့ကိုကျွန်တော်ကျေးဇူး တင်စွာအမှတ်ရနေမိပါသည်။
သတိတရဖြင့် အလွမ်းများကို စာစီ ရမည်ဆိုလျှင် တစ်ထောင့်တစ်ညပုံပြင် ဆန်သွားမည်ကိုစိုးမိသည့်အတွက် ကျွန်တော့်အတွေးများမှာထင်ဟပ်လာသည့် အတွေးပုံရိပ်များကို အကုန်အစင်မတင် ပြချင်တော့ပါ။ သို့သော်လည်းချန်ထား၍ မရသည့်အတိတ်ဇတ်ကြောင်း တစ်ခုကို မူပြန်လှည်တင်ပြချင်ပါသေးသည်။
ငရဲခန်း၌ကြာရှည်စွာနေခွင့်မပြုဘဲ ပြန်လည်လွတ်မြောက်ခွင့်ရရှိခဲ့သည့် ကျွန်တော်ဒီမိုကရေစီအရေးအတွက်နိုင်ငံ ရေးဇာတ်ခုံပေါ်ဘာပဲလုပ်ရ၊ လုပ်ရ၀င်က ရန် သရုပ်ဆောင်ရန် ကြိုးစားခဲ့သည့်အခါ (ကျွန်တော်တို့အင်းစိန်တစ်မြို့တည်းကိုဆို လိုပါသည်) ငရဲခန်းကထွက်လာခါထိ ကျွန်တော့်အတွက်ဖိနပ်သိမ်းအလုပ်ကိုပင် လုပ်ကိုင်ခွင့်မရဘဲ။ ကန်ထုတ်ခြင်းကိုခံခဲ့ ရပါသည်။ ထိုကာလတွင်အင်းစိန်မြို့ ၈၈ ဒီမိုကရေစီတိုက်ပွဲနိုင်ငံရေးကာလတစ် လျှောက်မမြင်ဘူးမတွေ့ဘူးခဲ့သည့်သူများ မှာ ပင်နီတိုက်ပုံတကားကားဖြင့် ပါတီအသီးသီး၏ပါတီဝင်များဖြစ်နေသည်ကို ကျွန်တော်တွေ့ရှိခဲ့ရပါသည်။
၈၈ အရေးအခင်းကာလအတူလက် တွဲလုပ်ကိုင်ခဲ့သည့်လုပ်ဖော်ကိုင်ဖက်များအနက်မိုးကျော်သူ၊ ကျော်ကျော်မင်းတို့ မှာ သာယာဝတီ၊ သရက်စခန်းများတွင် စံမြန်းနေခဲ့ကြရသည်။သို့အတွက် အပြင်တွင်ရှိနေသည့်ယခင်အတွင်းရေးမှူးလုပ် ခဲ့သည့်အောင်မြတ်ထွန်းနှင့် ဆက်သွယ် ကာလူငယ်ပါတီတစ်ခု၌ ၀င်ရောက်လှုပ်ရှား ဖြစ်ခဲ့ပါသည်။ ထိုအဖွဲ့မှာ ပါတီဟူ၍ပင် အမည်မပါသည့်ပြည်ချစ်လူငယ်များ အစည်းအရုံးဖြစ်ပါသည်။ ထိုအစည်းအရုံး ကို လှည်းတန်းမီးပွိုင့် ယခင်ရိုးရှိုးစတိုး အပေါ်ထပ်၌ ဖွင့်လှစ်ထားသည်ကို ဘတင့်ဆွေ၊ ကိုရန်ကျော် (ပုဇွန်တောင်) ဘွဲ့ရလူငယ်များအဖွဲ့၊ ကိုခင်မောင်မြင့် (၁) (ဖျာပုံ)၊ ကိုခင်မောင်မြင့် (၂) (ကျူရှင်)၊ မောင်မောင်အောင် (မီးအိမ်၊ ဘွဲ့ရကျောင်းသားများ) အစရှိသည်ဖြင့် လူငယ်နိုင်ငံရေးသမားများနှင့် ဆုံဆည်း ခွင့်ရခဲ့သည့်အဖြစ်ကိုလည်း မိုးဖွဲများနှင့် အတူ ကျွန်တော်လွမ်းနေဆဲဖြစ်ပါသည်။
အကြိမ်ကြိမ်အခါခါ၊ ငရဲခန်းအတို အစများမှ ခေါ်ယူကျွေးမွေးဧည့်ခံခြင်းကို ခံခဲ့ရသည့်ကျွန်တော့်အနေဖြင့် ငွေရတု ရောက်ခဲ့သည့်တိုင်တိုးတိုးတိတ်တိတ်၊ ကြိတ်၍လွမ်းနေရသည့်အဖြစ်တွေ ထိုအလွမ်းတွေအားလူအများသိစေရန် ရင်ဖွင့်ခွင့်မကြုံခဲ့ရခြင်းမှအချိန်ကာလအား ဖြင့် နှစ်ဆယ့်ငါးနှစ်တာကြာခဲ့ပြီးဖြစ်သည်။
အသံသေးအသံကြောင်ဖြင့် စီးချက် မညီသည့်ရင်ဖွင့်ခံစားအလွမ်းသီချင်းများ ကိုလည်း ကျွန်တော်မဆိုချင်ပါ။ နာကြည်းချက်ဖြင့် အမုန်းတရားများကို ရင်မှာပိုက် ၍ ကြေကွဲအော်ဟစ်နေရသည့်အခြေ အနေမျိုးကိုလည်းမကြုံတွေ့ချင်တော့ပါ။ ညီညွတ်မျှတသည့်စနစ်တစ်ခု၏အောက် တွင် အေးချမ်းပျော်ရွှင်နေကြမည့်မြန်မာ ပြည်သူပြည်သားအများစုပျော်ရွှင်မှုကိုသာ ကျွန်တော်မြင်တွေ့ချင်ပါသည်။ “ပေ” ဖြစ်တုန်းဘ၀ကခံခဲ့ရသည့်အတိတ်ဘ၀ ဆိုးများအတွက် “တူ” ဖြစ်သည့်အခါနှံလို သည့်စိတ်မျိုးအလျဉ်းမရှိခဲ့ပါ။ ဘယ်သော အခါမှလည်း “တူ” ဘ၀ကိုရောက်ကြလိမ့် မည်ဟုမထင်ပါ။
ကလဲ့စားချေလိုသည့်စိတ်မည်သည့် အခါမျှမမွေးဘဲ ငြိမ်းချမ်းရေးကိုသာရှေ့ရှု မျှော်ကိုးနေမိပါသည်။
ဘယ်တော့များမှ ငြိမ်းချမ်းကြမှာပါ လိမ့်။
သူ့အတ္တ၊ ကိုယ့်အတ္တ၊ သူ့အဖွဲ့အစည်း ကောင်းစားရေး၊ ကိုယ့်အဖွဲ့အစည်းကောင်း စားရေး၊ သူ့အလိုကျ၊ ကိုယ့်အလိုကျ၊ အပြိုင်အဆိုင်အလုအယက်ဆွေးနွေးနေ ကြသော ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်း စဉ်အောက်မှလူများကိုလည်း (အားနာ မိပါသည်) အမှန်တကယ်ငြိမ်းချမ်းရေးလို လားမှုကို ရင်တွင်းထည့်ပြီးမှသာ ဆွေးနွေး ကြဖို့တိုက်တွန်းလိုက်ချင်ပါသည်။ အတိတ် သမိုင်းကြောင်းက ဆိုးရွားခဲ့သည့်သူ့အဖွဲ့ ကိုယ်သတ်၊ ကိုယ့်အဖွဲ့သူတော်လှန်၊ နိုင်သူ မင်းလုပ်အုပ်ချုပ်သည့်စနစ်ဆိုးကို အမြန် ဆုံးပြုပြင်ကြရန် တိုက်တွန်းလိုက်ချင်ပါ သည်။
တဖွဲဖွဲရွာနေသော မိုးစက်များသည်။ သဲသဲမဲမဲရွာသည့်အဖြစ်သို့ကူးပြောင်း သွားစဉ်အခိုက်အတိတ်ဆီမှရုန့်ရင်းကြမ်း တမ်းသော အဖြစ်ဆိုးစနစ်ဆိုးများမှာလည်း ရုတ်တရက်ရပ်တန့်သွားခဲ့ပါသည်။ သည်းထန်စွာရွာချနေသော မိုးရေစက် များသည်။ ကျွန်တော့်မျက်နှာပြင်တစ် လျှောက်စီးမျောနေကြသည်လား။ ကျွန်တော့်မျက်ရက်စက်များဖြင့် ရွှဲရွှဲစိုနေ သည်လား။ ကျွန်တော်မခွဲခြားချင်တော့ ပါ။ ထိုရေစက်ရေပေါက်များအေးမြနေ သည်ကိုတော့ ကျွန်တော်သိနေသည်။ အကယ်၍ ထိုရေစက်များသည် ကျွန်တော့်မျက်ဝန်းမှစီးကျနေသော မျက်ရည်များဖြစ်ပါမူငွေရတုမှသည် ရွှေရတုဆီသို့ထိုမျက်ရည်များကို သယ်ဆောင်မသွားလိုတော့ပါ။
နောင်လာမည့်ရွှေရတုကာလတွင် မြန်မာပြည်ငြိမ်းချမ်းပါစေကြောင်း မျှော်လင့်အတွေးများဖြင့်သာ အနာဂတ် ကာလကိုကျွန်တော်ဖြတ်ကျော်ချင်မိပါ တော့သည်။
ရုတ်တရက်မိုးခြိမ်းသံကိုကြားလိုက် သည့်အခါ၊ ကျွန်တော်၏အကြားအာရုံမဲ့ နေသည့်ညာဘက်နားကိုကိုင်ရင်း………..

ကိုရွှေအောင်သင်း
HOT NEWS
JOURN

Post a Comment