0
 
မကွေး၊ ဖေဖော်ဝါရီ ၂၄

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပြဋ္ဌာန်းချက် အများစုကို ပြင်ဆင်ရ ခက်ခဲစေသည့် အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က တစ်နိုင်ငံလုံးတွင် စည်းရုံး လှုံဆော်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုသတင်းနှင့် ပြန်ကြာရေး တာဝန်ခံ မုံရွာ ဦးအောင်ရှင်က မကွေးတိုင်း ဒေသကြီး ငဖဲမြို့နယ် လင်းတဲ ကျေးရွာ၌ The Voice ၏ မေးမြန်းချက်ကို ဖြေကြားသည်။

“၈၈ ကလည်း သူတို့နည်း သူတို့ဟန်နဲ့ပေါ့ တစ်နိုင်ငံလုံး လှည့်ပြီးတော့မှ ဒီဟာကို ကန်ပိန်းပေါ့၊ လှုံ့ဆော်ရေး လုပ်မယ်။ ကျွန်တော်တို့ NLD ကလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လှုံ့ဆော်ရေး လုပ်မယ်။ တစ်ခါတစ်ရံမှာ ပူးပေါင်းပြီးတော့ လုပ်မယ်” ဟု ၎င်းကဆိုသည်။

ယင်းပုဒ်မ ပြင်ဆင်ရေးနှင့် ပတ်သက်သော ပါတီတွင်းနှင့် ပြင်ပ ပညာရှင်တို့၏ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ထောက်ခံ လက်မှတ် ကောက်ခံခြင်း၊ ယင်းပုဒ်မ ပြင်ဆင်ရေး လှုံ့ဆော် ရေးသားသည့် လက်ကမ်း စာစောင်များနှင့် တီရှပ် အင်္ကျီများ ဖြန့်ဝေခြင်း စသော လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ဧပြီလကုန်ခန့်မှ စတင်ကာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

“ဒီဒုတိယ နှစ်ဝက်လောက် မှာတော့ တော်တော်လေး အရှိန်အဟုန် ကောင်းလာလိမ့်မယ်။ အဓိက ဖိုးကပ် (Focus) ကတော့ ၄၃၆ ပဲ” ဟု မုံရွာ ဦးအောင်ရှင်က ဆိုသည်။

နိုင်ငံရေး ဖိအားပေးမှုများ ပြင်းထန် လွန်းလာပါက တပ်မတော် အနေနှင့် ယခင် အတိုင်းသာ အာဏာကို ဆုပ်ကိုင်ထားလိုပြီး NLD ပါတီ အနေနှင့်လည်း ပိုမို ပြင်းထန်သော လှုပ်ရှားမှုများ လုပ်ဆောင် လာနိုင်ကြောင်း၊ ယင်းအစွန်း နှစ်ဖက်မှ လွတ်အောင် နှစ်ဖက် ညှိနှိုင်းရေး လမ်းစဉ်အတိုင်း လုပ်ဆောင်မည် ဖြစ်ရာ တစ်ဖက် နိုင်ငံရေး အင်အားစုများ အနေနှင့်လည်း အသေ ဆုပ်ကိုင်မှုများ မထားရှိသင့်ကြောင်း ၎င်းက အကြံပြုသည်။

ယင်းပုဒ်မ ၄၃၆ အဓိကထား ပြင်ဆင်ရေး လှုံ့ဆော် လှုပ်ရှားမှုများကို NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ နှစ်ဖက် တွေ့ဆုံ ညှိနှိုင်း သဘောတူညီချက် အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယင်း လှုပ်ရှားမှုများသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှုများနှင့်လည်း ဆက်စပ်သွားမည် ဖြစ်ကြောင်း မုံရွာ ဦးအောင်ရှင်က ထုတ်ဖော် ပြောကြားသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၂ ပါ၊ ပုဒ်မ ၄၃၆ ကို ဦးစားပေး လေ့လာ သုံးသပ်ရန် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်ရေး ကော်မတီသို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တိုက်တွန်း ပြောကြားထားသည့် အပြင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ခြောက်လ အလိုတွင် ပြင်ဆင်ပြီး ဖြစ်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းချက် အများစုကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးအနက် ခုနစ်ဆယ့်ငါး ရာခိုင်နှုန်းကျော်၏ ထောက်ခံချက်နှင့် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ထောက်ခံချက် တို့ကို ပထမဦးစွာ ရယူရမည် ဖြစ်ကြောင်း အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ တွင် ပြဋ္ဌာန်းထားသည်။

The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top