0
 နိုင်ငံ့ဂုဏ်ရည် ဆုရထားသူများကို ထောက်ပံ့ငွေ တိုးပေးရန် လွှတ်တော်တွင် ထပ်မံ တိုက်တွန်း










နိုင်ငံတော် လွတ်လပ်ရေး အတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ သဖြင့် နိုင်ငံ့ဂုဏ်ရည်ဆု ချီးမြှင့် ခံထားရသူများ အတွက် လစဉ် ချီးမြှင့်နေသည့် ထောက်ပံ့ငွေ များကို တိုးမြှင့်ပေးရန် အတွက် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီက ဒုတိယ အကြိမ်မြောက် ထပ်မံ တိုက်တွန်းလာကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီက ယင်းသို့ ထည့်သွင်း တိုက်တွန်းလာခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။ အဆိုပါ နိုင်ငံ့ဂုဏ်ရည် အဆင့် လစဉ် ထောက်ပံ့ ငွေများကို တိုးမြှင့် ပေးရန်အတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်း ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူတို့၏ တိုင်ကြားစာ ကော်မတီက မေးမြန်းခဲ့သော်လည်း နိုင်ငံတော် သမ္မတက နိုင်ငံတော် စီးပွားရေး တိုးတက် လာချိန်တွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်က ပြောကြားထားသည်။
ယင်းသို့ နိုင်ငံ့ဂုဏ်ရည် ပထမ အဆင့်နှင့် ဒုတိယ အဆင့် ရရှိခဲ့သူများကို လစဉ် ထောက်ပံ့မှုများသည် လက်ရှိ အချိန်တွင် လောက်ငနိုင်မှု မရှိသောကြောင့် ဝန်ထမ်းများ ပင်စင် တိုးမြှင့်ပေးသကဲ့သို့ တိုးမြှင့် ပေးအပ်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ပြောကြားသည်။
“တစ်ချိန်က နိုင်ငံတော်နှင့် နိုင်ငံသားတွေ အတွက် အသက်ပေးပြီး လွတ်လပ်ရေး ရရှိအောင် တိုက်ပွဲ ဝင်လာခဲ့ကြသူတွေ ဖြစ်တဲ့အတွက် ပြန်ပြီး စဉ်းစား ဆောင်ရွက်သင့် ပါကြောင်း ထပ်မံ အကြံပြု တင်ပြပါတယ်” ဟု ၎င်းကဆိုသည်။ အဆိုပါ နိုင်ငံ့ဂုဏ်ရည် အဆင့် ချီးမြှင့် ငွေများမှာ နည်းပါးလွန်းကြောင်း တိုးမြှင့် လုပ်ဆောင်ပေးရန် အစီအစဉ် မရှိဘူးဟု ဖြေကြားခြင်းသည် လူကြား၍ မကောင်းသောကြောင့် အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက် ပေးနိုင်ရန် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်း ပြောကြားထားသည်။
၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော် ကောင်စီက နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အသက်ပေးကာ တိုက်ပွဲဝင် သွားကြသော တပ်မတော်သား များကို နိုင်ငံ့ဂုဏ်ရည် အဆင့် ချီးမြှင့် လစာငွေများ ပေးအပ်ရန်နှင့် ပထမ အဆင့် ချီးမြှင့် ခံရသူများကို ၆၀၀ ကျပ် နှင့် ဒုတိယ အဆင့် ချီးမြှင့် ခံရသူများကို ၃၀၀ ကျပ် ထောက်ပံ့ရန် အမိန့် ထုတ်ပြန်ခဲ့သည်။


The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top