0
 
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပဒေသာ ကပွဲ တစ်ခုကို အင်းစိန် အကျဉ်းထောင် အတွင်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် အင်ပါယာ တေးဂီတ အဖွဲ့က လာရောက် ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးက ပြောကြားသည်။

အဆိုပါ ကပွဲကို အင်းစိန် အကျဉ်းထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများက ပါဝင် ကပြခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖျော်ဖြေခွင့် ရသည်မှာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် နောက်ပိုင်းတွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကျရောက်သည့် အကျဉ်းဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပသည့် အဆိုပါ ကပွဲသို့ အင်ပါယာ တေးဂီတ အဖွဲ့နှင့်အတူ နာမည်ကျော် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် အပါအဝင် အဖွဲ့၏ ပင်တိုင် အဖွဲ့သားများ စုံညီစွာ ပါဝင်ခဲ့ပြီး တေးသီချင်း ၁၀ ပုဒ်ခန့် သီဆို ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး ဦးခင်မောင်မြင့်က The Voice သို့ ပြောကြားသည်။

ပဒေသာ ကပွဲတွင် တေးသီချင်းများ သီဆိုခြင်း၊ ကပြခြင်းများ အပြင် အကျဉ်းထောင်တွင်း တွေ့ကြုံ ရတတ်သည့် ဖြစ်ရပ်များကို ဖော်ကျူးသည့် ဟာသ ပြဇာတ် တစ်ခုကိုလည်း ထည့်သွင်း ကပြခဲ့ကြောင်း၊ အင်းစိန် အကျဉ်းထောင်ရှိ အကျဉ်းသား ၂၈၀ နှင့် အကျဉ်းသူ ၁၀၀ ခန့် တက်ရောက် ကြည့်ရှုခွင့် ရခဲ့ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

“ခန်းမ အခြေအနေအရ အဲဒီလောက်ပဲ ကြည့်လို့ ရတာပါ၊ ကျန်တဲ့ သူတွေကိုတော့ ကိုယ့်အိပ်ဆောင်မှာ ရှိတဲ့ တီဗီကနေ တိုက်ရိုက် ပြပေးတာ” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

အကျဉ်းထောင်တွင်း သီဆို ဖျော်ဖြေပွဲများ ကျင်းပခြင်းကို တရားဝင် ပိတ်ပင်ထားခြင်း မရှိခဲ့ကြောင်း၊ သတင်းစာဆရာ လူထုဦးလှ၊ ဆရာ ရန်ကုန်ဘဆွေတို့ အကျဉ်းကျခဲ့စဉ် ၁၉၆၂ ခုနှစ် မတိုင်မီက ယင်းကဲ့သို့ ထောင်တွင်း ဖျော်ဖြေပွဲများကို ကျင်းပ ပြုလုပ်ခဲ့ဖူးပြီး တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်မှ စတင်ကာ အကျဉ်းထောင် ဥပဒေ၊ စည်းကမ်းများ ပိုမို တင်းကျပ်လာခြင်း၊ ထောင်အာဏာပိုင်များမှ တာဝန်ခံနိုင်ခြင်းများ မရှိတော့သဖြင့် နောက်ပိုင်းတွင် ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးဖြစ်သူ စာရေးဆရာ ဇေယျာမင်းသျှင်က ပြောကြားသည်။

အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းသား လေးထောင်ကျော်နှင့် အချုပ်သား နှစ်ထောင်ကျော်၊ စုစုပေါင်း ခြောက်ထောင်ကျော် ရှိနေကြောင်း၊ ယခင်နှစ်က ကျင်းပသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲတွင် အကျဉ်းထောင် ဝန်ထမ်း မိသားစုဝင်များသာ ပါဝင်ခဲ့ပြီး အကျဉ်းထောင် ပြင်ပတွင်သာ ကပြ ဖျော်ဖြေခဲ့ကြောင်း အကျဉ်းထောင် မှတ်တမ်းများ အရ သိရသည်။

The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top