0
 
 အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်အချို့

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်) တပ်တွေနဲ့ အစိုးရတပ်ကြား ထိတွေ့ပစ်ခတ်မှုတွေ ခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

မိုင်းတုံမြို့နယ် မိုင်းတော့ မိုင်းထားမြို့နယ်ခွဲ လွိုင်ပန်းတုန်း တောင်ကြောတလျှောက်မှာ သွားလာလှုပ်ရှားနေတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ကို အစိုးရတပ် ခမရ ၅၁၉၊ ခမရ ၅၂၂ လက်အောက်ခံတပ်ဖွဲ့နဲ့ လားဟူပြည်သူ့စစ် နယ်ခြားစောင့်တပ်ဖွဲ့တို့ ပူးပေါင်းတဲ့ အင်အား ၁၀၀ ကျော်က ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပစ်ခတ်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

အပစ်အခတ်ရပ် လက်မှတ်ရေးထိုးပြီးကာမှ ခုလို ထိတွေ့ပစ်ခတ်မှုဖြစ်ရတာဟာ တိကျတဲ့ နယ်မြေ သတ်မှတ်မှု မရှိခြင်းနဲ့ အထင်မှားမှုတွေကြောင့် ဖြစ်ရတာလို့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“သူတို့ မူချထားတာရှိပါတယ်။ တပ်အသစ်တွေ မဆောက်ရ၊ မတိုးချဲ့ရ ဆိုတာမျိုးပေါ့နော်။ အရင်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာတော့ အဲဒါတွေ မပါပါဘူး။ ဒါပေမယ့် သူတို့တောင်းဆိုတဲ့အတိုင်း ကျနော်တို့ လိုက်လျောပါတယ်။ တပ်အသစ်ဆောက်တာတွေ ကျနော်တို့လည်း မလုပ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ လှုပ်ရှားသွားလာနေတဲ့ တောတွေမှာ နယ်မြေအတိအကျ သတ်မှတ်ထားတာ မရှိတဲ့အတွက်ကြောင့် ကျနော်တို့လည်း နဂိုအတိုင်းသွားလာတယ်၊ အဲဒါကို သူတို့က ၀င်တိုက်လေ့ရှိတယ်။ တခါတလေတောထဲမှာ ဆုံတဲ့အခါဖြစ်ဖြစ်၊ သူတို့က အကြောင်းမကြားဘဲ စစ်ကြောင်းဝင်လာတာဖြစ်ဖြစ်၊ သူဦးကိုယ်ဦး ဆိုတဲ့ပုံစံနဲ့ တိုက်ဖြစ်ကြတာပါ။ တိုက်ပွဲကြီးကြီးတော့ မဖြစ်ပါဘူး။”

ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးစာရင်းကို မသိရသေးကြောင်းဘူးလို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ဒါဟာ ၂၀၁၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ထိတွေ့မှုဖြစ်ခဲ့ပြီး ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် ဆက်ဆံရေးရုံးကနေတဆင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ရုံးကို အကြောင်းကြားစာ ပေးပို့ထားပါတယ်။

ခုလို ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အစိုးရ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းရာမှာ “ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျနော်တို့ ဘာသတင်း အချက်အလက်မှ မရသေးဘူးဗျ” လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဘက်မှာလည်း အစိုးရတပ်နဲ့ တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ ကွတ်ခိုင်၊ မန်တုံ နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေထဲမှာ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနဲ့ ဘိန်းခင်းဖျက်ဆီးရေးတွေ ဆောင်ရွက်နေတဲ့ သူတို့ တပ်ရင်း တပ်ဖွဲ့တွေကို အစိုးရတပ်က ထိုးစစ်ဆင် ၀င်ရောက်တိုက်ခိုက်နေတယ်လို့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီအပေါ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က “တအာင်းပလောင်က မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ပါတယ်လို့ အကြောင်းပြပြီးတော့မှ အစဉ်အလာအရ နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ၀င်လာပြီး ဆက်ကြေးကောက်တာတို့၊ လူသစ်စုတာတို့ အဲဒါမျိုးတွေ လုပ်တာကြောင့် တိုက်ပွဲတွေဖြစ်ရတယ်၊ တကယ်သူတို့ မူးယစ်ဆေးဝါး တားဆီးတယ် နှိမ်နင်းတယ်ဆိုရင် သူတို့ရတဲ့ သတင်းအချက်အလက်တွေ ကျနော်တို့ကိုပေးပေါ့။ ကျနော်တို့လည်း ဒီကိစ္စကို လုပ်နေတာပဲ” လို့ ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက ထိုးစစ်တွေကြောင့် အစိုးရတပ်ဘက်က အရာရှိတွေအပါအ၀င် တပ်သားတွေပါ ထိခိုက်ကျဆုံးမှုရှိကြောင်း ပလောင်တပ်က ထုတ်ပြန်ပေမယ့် ဒီသတင်းကို ဒီဗွီဘီက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား ခုလိုထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေပေမယ့် တဘက်ကလည်း တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရက ကြိုးပမ်းနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ဟာ လာမယ့် မတ်လ ၈ ရက်နေ့ ကျရင် ရန်ကုန်မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိနေပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top