0
 
မလွှကုန်းဘူတာနှင့် ပုဇွန်တောင်ဘူတာကြား ရထားလမ်းတစ်လျှောက်ကို ဖြတ်လိုက်မည် ဆိုရုံဖြင့်ပင် အောင်မင်္ဂလာချောင်း ပတ်ဝန်းကျင်တစ်လျှောက် အနံ့အသက်ဆိုးများက ထိုအနီးတွင် အမြဲတစေနေထိုင် သူမဟုတ်လျှင် ယင်းကဲ့သို့ပြင်းထန်သော အနံအသက်ကို ခံနိုင်ဖို့ လွယ်ကူမည် မဟုတ်ပါ။

တစ်ရက် နှစ်ကြိမ်တက်လေ့ရှိသည့် ဒီရေ နှင့်အတူ ချောင်းဘေးတစ်လျှောက် အဟောင်းပစ္စည်းပုံ၏ အနံ နှင့် ချောင်းတစ်လျှောက် မျောလာသည့် အမှိုက်သရိုက်အနံ့တွေက မခံနိုင်လောက်အောင် ပြင်းထန်လွန်း လှသည်ဟုလည်း အဆိုပါ ချောင်းအနီး နှစ်လေးဆယ်ကျော်ကြာ နေထိုင်လာသည့် အသက် ၄ဝ ကျော် အမျိုးသမီးကြီးက ဆိုသည်။

၎င်းက “တာမွေမြို့နယ် တစ်ခုလုံးက စွန့်ပစ်တဲ့ အမှိုက်တွေအားလုံးကို ဒီချောင်းထဲကိုပဲ လာလာပစ်နေ ကြတယ်။ ဒါကို သွားပြောပြလို့လည်း မရဘူး။ ဒီအမှိုက်တွေက များလာတဲ့အခါမှာ ထွက်လာတဲ့အနံ့က ဆိုးတယ်။ အထူးသဖြင့် ၁၅ ရက်တစ်ခါဖြစ်တဲ့ ရေထရက်တွေဆို အနံ့တော်တော် ဆိုးတယ်” ဟု ပြော သည်။

ထိုနေရာက တာမွေမြို့နယ် ကျောက်မြောင်းကွက် မြို့ပတ်လမ်း (မလွှကုန်းဘူတာနှင့် ပုဇွန်တောင်ဘူတာ အကြား) အနီး အောင်မင်္ဂလာချောင်း စီးဆင်းလျက်ရှိသည့် နေရာဖြစ်သည်။ သံတိုသံစ၊ ပုလင်းခွံအပါ အဝင် တိုလီမိုလီအဟောင်းများ ဝယ်ယူသည့်ဆိုင်များက ထိုချောင်းတစ်လျှောက်တွင် ဝယ်သူ ရောင်းသူ အသံတူလျက် ရှိနေသည်။သို့သော် ထိုနေရာက မြို့ပတ်ရထားနှင့် အဝေးပြေးရထားများ နေ့တဓူဝ ဖြတ် သန်း သွားလာလျှက်ရှိသည့်နေရာ ဖြစ်သည်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ အထင်ကရမြို့များသို့ လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီး သွားများ များပြားလာသည့်အလျောက် ရန်ကုန်မြို့ပတ် မီးရထားစီး နိုင်ငံခြားသားများလည်း များပြားလာသည်။

မြို့ပတ်ရထားကို အဆင့်မြှင့်တင်ပြီးနောက် အထူးမြို့ပတ်ရထားတွင် နေ့စဉ်စီးနင်းသူ ၃,ဝဝဝကျော် အထိ ရှိသည်။နေ့စဉ် ရိုးရိုးမြို့ပတ်ရထားစီး သိန်းချီလျက် ရှိသည်။ မြို့ပတ်ရထာစီးသူများထဲတွင် နိုင်ငံခြား သား ဧည့်သည်များလည်း ပါလာကြသည်။ ထို့ကြောင့် ရထားလမ်းတစ်လျှောက် အမြင်တင့်တယ်ရန် လို အပ်သည်။

ထိုမြို့ပတ်ရထားနှင့် အဝေးပြေးရထားများ နေ့စဉ်ဖြတ်သန်း သွားလာနေသည့် အောင်မင်္ဂလာချောင်း တစ် လျှောက် ပတ်ဝန်းကျင် ညစ်ညမ်းးမှုနှင့် အနံ့ဆိုးများထွက်ပေါ်နေခြင်းက အများအမြင် မတင့်တယ်သည့် အပြင် ကျန်းမာရေးအရလည်း များစွာ ထိခိုက်နိုင်သည်။ တစ်ဖန်ချောင်းထဲသို့ အမှိုက်စွန့်ပစ်ခြင်း၊အဟောင်း ဆိုင်များက စွန့်ပစ်သည့် ပစ္စည်းများကြောင့် လေထုညစ်ညမ်းမှု ဖြစ်စေရုံသာမက ရေထုကိုပါ ညစ်ညမ်းစေ သည့်အတွက် ရပ်ကွက်နေပြည်သူများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားဆိုင်ရာ ရောဂါ တို့ ဖြစ်ပွားစေနိုင်ကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ကျော်ငြိမ်းအောင်က ဆိုသည်။

ထိုသို့ လေထုနှင့် ရေထုညစ်ညမ်းမှု အန္တရာယ်ကို ကာကွယ်ရန်နှင့် ပတ်ဝန်းကျင် သန့်ရှင်းစေရန် ရပ်ကွက် နေပြည်သူနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ သို့သော် ရပ်ကွက်နေ ပြည်သူအချို့ကပါ အောင်မင်္ဂလာချောင်းထဲသို့ နေ့စဉ်စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေ ကြသည်ဟု ရပ်ကွက်နေသူ အချို့က ဆိုသည်။

ထို့ပြင် အောင်မင်္ဂလာချောင်း ဝန်းကျင်တစ်လျှောက် အထူးသဖြင့် မလွှကုန်းဘူတာနှင့် ပုဇွန်တောင်ဘူတာ အကြားတွင် သံတိုသံစ၊ ပုလင်းခွံ အပါအဝင် တိုလီမိုလီအဟောင်းများ ဝယ်ယူစုဆောင်းသည့် အဟောင်း ဆိုင်များကြောင့်လည်း ထိုချောင်းတစ်လျှောက် ပိုပြီး ညစ်ညမ်းစေသည်။ ထိုဆိုင်များက ပစ္စည်းများ ဝယ်ယူ စုဆောင်းထားပြီး လှိုင်သာယာစက်မှုဇုန်၊ မှော်ဘီစက်မှုဇုန်သို့ မပို့မီ ထိုနေရာတွင် တစ်ပတ်ခန့် စခန်းရပ် စတည်းချကြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန၊ လမ်းတံတားမှဌာနစုမှုး ဦးနေခြည်ဦး က “ချောင်းထဲက အမှိုက်တွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး long-hand နည်းနဲ့ တစ်နှစ် တစ်ခေါက် လောက် ဆယ်သွားနေပါတယ်။ ဆယ်ထားတဲ့အမှိုက်တွေကို အရင်ဆုံး ချောင်းဘေးမှာ ခဏပုံထားတယ်။ အဲဒီအမှိုက်တွေ ခြောက်သွားတဲ့အခါကျမှ ချိုင့်တွေ၊ လမ်းအပေါက် ဖြစ်တဲ့နေရာတွေကို သွားဖာတယ်။ ရပ် ကွက်နေလူထုအတွက် သန့်ရှင်းမှုရှိဖို့နဲ့ အနံ့အသက် မရှိအောင် အတတ်နိုင်ဆုံးတော့ ဆောင်ရွက်ပေးနေ တာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ တစ်စုတစ်ဖွဲ့တည်း လုပ်နေလို့တော့ မရဘူး။ အရှေ့က ဘယ်လောက် လုပ်လုပ် အနောက်က အမှိုက်ပြန်စွန့်ပစ်ရင် ဘာမှမထူးဘူးပေါ့။ ရပ်ကွက်နေလူထုဘက်ကလည်း ချောင်း၊ မြောင်းထဲမှာ အမှိုက်မပစ်ဖို့ လိုတယ်” ဟု ဆိုသည်။

အရှည်ပေ ၂,၄ဝဝ၊ အကျယ် ၂၄ ပေ ရှိသည့် အောင်မင်္ဂလာချောင်းအတွင်း၌ အမှိုက်ထုပ်များနှင့် ညစ်ညမ်း မည်းညစ်သောရေများက အနံ့တလူလူ ထွက်လျက် ရှိသည်။ ယင်းချောင်းသည် ယုဇနပလာဇာ အနောက် ဘက်မှစတင်ပြီး ပုသိမ်ညွန့်ရပ်ကွက် ကြက်ဘဲဈေးတွင် အဆုံးသက်ကာ ငမိုးရိပ်ချောင်းထဲသို့ စီးဝင်နေ သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စွန့်ပစ်ထားသောအမှိုက်များကို နွေရာသီကာလ များတွင် တစ်နှစ်တစ်ကြိမ် ရှင်းလင်းသည်ဟုလည်း အင်ဂျင်နီယာဌာန၊ လမ်းတံတားမှဌာနစုမှူးကဆိုသည်။

စွန့်ပစ်ထားသည့် အမှိုက်များကို အင်ဂျင်နီယာဌာန လမ်းနှင့်တံတားက တစ်နှစ်မှ တစ်ကြိမ်သာ သန့်ရှင်း ရေးလုပ်သောစနစ်သည် တကယ်တမ်း ရပ်ကွက်နေ ပြည်သူများအတွက် လုံလောက်သော သန့်ရှင်းမှု ရောပေးနိုင်မလား၊ တစ်နှစ်တစ်ကြိမ်သာ သန့်ရှင်းရေးလုပ်ရုံနှင့် အနံ့ဆိုး သံသရာကရော ပျောက်နိုင်မှာ လားဆိုသည်က တွေးစရာတစ်ခု ဖြစ်နေတော့သည်။

ယခုလို ခြောက်သွေ့သည့်ရာသီတွင် ချောင်းတစ်လျှောက် အနံ့အသက်ဆိုးများက စိုစွတ်သည့် မိုးရာသီ လောက် မထွက်သော်လည်း ယင်၊ ခြင်နှင့် ကြွက်များ၏ အန္တရာယ်များကလည်းတစ်ဖုံ ဒုက္ခပေးကြပြန် သည်ဟုလည်း ရပ်ကွက်နေသူတို့က ဆိုသည်။

အနံ့ဆိုးတလူလူ ထွက်နေသည့် ချောင်းကမ်းပါးတစ်လျှောက် အမှိုက်များက ရန်ကုန်မြို့ပြစနစ်ကို အရုပ် ဆိုး အကျည်းတန် စေခဲ့သည်။ ချောင်းနံဘေး အနံ့ဆိုး၊ အမှိုက်သရိုက်များအပြင် ပစ္စည်းဟောင်းရောင်း ဝယ်များ၏ စုပုံထားသည့် အဟောင်းပစ္စည်းစုကြီးက အနံ့ဆိုးကို ပိုတိုးစေခဲ့သည်။

ရောင်းဝယ်ဖောက်ကားနေကြသူများနှင့် အနေကြာသူများခမြာ လေထု၊ ရေထု ညစ်ညမ်းမှုကို ခံစားနေရ သည်မှာ နှစ်ကာလ ရှည်ကြာနေပြီ ဖြစ်သည်။

အကျဉ်းတန် အရုပ်ဆိုးပြီး ညစ်ညမ်းနေသော ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်ပြီး အနံအသက် ကောင်း အောင် လုပ်ဆောင်ပေးရန် တာဝန်ရှိသူများကို တိုက်တွန်း လိုပါသည်။ ရပ်ကွက်နေ ပြည်သူများကလည်း အမှိုက်စွန့်ပစ်မှု စနစ်တကျ လွှင့်ကြဖို့လည်း မေတ္တာရပ်ခံလိုပါသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတော့ ချောင်း၊ မြောင်းများအတွင်း လှေများ၊ မော် တော်များဖြင့် မြို့တွင်းရေလမ်းခရီးတစ်ခုအဖြစ် အသုံးပြု ထားသည်ကို တွေ့ရပါသည်။ ထိုသို့ပင် အောင် မင်္ဂလာ ချောင်းအကျယ်လောက်ကိုပင် ရေလမ်းခရီးအဖြစ် အသုံးပြုထားပါသည်။ ထိုသည်က ကောင်း သော အတုယူစရာ ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့ပြ၏ မီးရထားလမ်းဘေး အောင်မင်္ဂလာချောင်း၏ အရုပ်ဆိုး အကျဉ်းတန်နေသော မြင်ကွင်းလေးကို အနံ့အသက်ကင်းကင်း သန့်ရှင်းသပ်ရပ် လှပစွာ စီးဆင်းနေလျှင် ဘယ်လောက်ကောင်း လိုက်မလဲဟူသော ကရုဏာအတွေးဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါသနာပါသူ တစ်ဦးအနေ ဖြင့် ဆန္ဒပြုလိုက် ရပါသည်။

လပြည့်ဝန်း
Mizzima - News in Burmese

Post a Comment

 
Top