
လွှတ်တော်အတွင်း မကြာခဏ ကတောက်ကဆ ဖြစ်မှုကြောင့် နှစ်ကြိမ် သတိပေး ခံရဖူးသူ နိုင်ငံတော် သမ္မတရုံး ဝန်ကြီး (၂) ဦးစိုးမောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေတို့ကို လွှတ်တော်အတွင်း မေးခွန်း မေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားရာတွင် မထီမဲ့မြင် မလုပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတိပေး ပြောကြားသည်။
“လွှတ်တော်ဟာ လွှတ်တော် ဂုဏ်သိက္ခာနဲ့ ရှိဖို့ လိုသလို လွှတ်တော် ကိုယ်စားလှယ်များ ဟာလည်း လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနဲ့ ရှိဖို့ လိုပါတယ်။ ဖြေကြားတဲ့ အခါမှာလည်း လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ပြောမယ်ဆိုရင် ရှေ့မှာ ထိုင်နေတဲ့ လွှတ်တော် ဥက္ကဋ္ဌရဲ့ ဂုဏ်သိက္ခာကိုလည်း နားလည်ဖို့၊ လက်ခံဖို့ လိုပါတယ်။ မေးတဲ့ နေရာမှာလည်း မထီတထီ မေးသလို ဖြေတဲ့ အခါမှာလည်း မထီတထီ ဖြေပြီးတော့ တစ်ဖက်ဖက်ကို ဂုဏ်သိက္ခာ အားဖြင့်သော် လည်းကောင်း မထီမဲ့မြင် ပြုတဲ့ အဖြစ်မျိုးတွေ မဖြစ်ဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးမင်းဆွေက မြန်မာနိုင်ငံမှ သယံဇာတများကို တစ်ဖက်နိုင်ငံသို့ တရားမဝင် ထုတ်ယူနေသော ဝန်ထမ်းများနှင့် ကုမ္ပဏီများကို အရေးယူသည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းမှုကို သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်က ဖြေကြားမှု အပြီးတွင် ၎င်းက ယင်းသို့ သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းသော ကိစ္စသည် နိုင်ငံနှင့် ပြည်သူ အကျိုးအတွက် ဖော်ဆောင်နေခြင်း ဖြစ်ပြီး အစိုးရဘက်မှ မသိရှိပါက လွှတ်တော်မှ ကူညီရန် အသင့်ရှိကြောင်း၊ မေးခွန်း မေးမြန်းသူ အနေဖြင့်လည်း ယခင် တင်ပြထားချက်နှင့် လွှတ်တော်အတွင်း မေးမြန်းသည့် စကားလုံး အပြောအဆိုများ ကွာဟမှု မရှိစေရန် လိုလားပါကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ဒီလွှတ်တော် တည်ဆောက် ထားတာက ဟန်ပြ ရုပ်ပြ၊ တည်ဆောက်ထားတာ မဟုတ်ဘူး။ ဟန်ပြ ရုပ်ပြ တည်ဆောက် ထားတယ် ဆိုလို့ရှိရင် ဘာမှ လုပ်စရာ မရှိဘူး” ဟု ၎င်းကဆိုသည်။
လွှတ်တော်၏ ဆောင်ရွက်ချက်သည် အုပ်ချုပ်ရေး အဖွဲ့အစည်းနှင့် လွှတ်တော်၏ ဂုဏ်သိက္ခာ အတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ နိုင်ငံအတွက် နည်းမှန် လမ်းမှန်ဖြင့် ဖော်ဆောင်နေခြင်း ဖြစ်သည်ကို နားလည်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်က ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစိုးရကို လျစ်လျူ ရှုသည်ဟု စွပ်စွဲ ပြောဆိုရန် မသင့်ကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို သတိပေး ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ကိုယ်စားလှယ်များ အပါအဝင် သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်ကို သတိပေး ပြောဆိုခြင်းသည် နှစ်ကြိမ်မြောက် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
The Voice Weekly
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.