အဲဒီ ၅ ဦး အမည်စာရင်းထဲမှာ နေပြည်တော်က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းလည်း တယောက် အပါအ၀င်ပေါ့။
ဦးစိုးသိန်း (ဓာတ်ပုံ - ကောင်းညီဟန်/ဧရာဝတီ)
ကာယကံရှင် ဦးစိုးသိန်းကို စနေနေ့တုန်းက တွေ့တဲ့အခါ ဧရာဝတီက ဒီအကြောင်း မေးမြန်းရာမှာ ....
“ကျွန်တော် အနားယူမယ်ဆိုတာ ဘယ်က သတင်းထွက်တာလဲ။ မဟုတ်ပါဘူး။ ... ဘယ်လိုမှမဟုတ်တဲ့သတင်းပါ။ ဦးအောင်မင်း နားမယ်ဆိုတာလည်း မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
တကယ်လို့ အနားပေးခံရရင်လည်း ဦးစိုးသိန်းက ဝမ်းသာ ကျေနပ်မယ့်ပုံရပါတယ်။
“အမှန်က ရပ်နားတာ သိပ်ကြိုက်တာ။ သိပ်ကို နားချင်တာ” လို့ ဦးစိုးသိန်းက ပြောပါတယ်။
နားချင်တယ် ဆိုတော့ မလုပ်ချင်ဘူးပေါ့။ ဘာကြောင့် ဆက်မလုပ်လိုဘူးဆိုတာ မသိရပါ။
ကဲ ... ဝန်မင်း ၅ ပါး အနားပေးခံရတော့မယ် ဆိုတဲ့ အသံအကြောင်း ဆက်ပြောရရင် ....
ပြည်ထောင်စုဝန်ကြီးတပါးဖြစ်တဲ့ ဦးခင်ရီကလည်း အနားယူခြင်းသတင်းတွေကိစ္စကို ငြင်းပါတယ်။
“ဝန်ကြီး ၅ ဦး နားခံရမယ်ဆိုတာ မဟုတ်ပါဘူး။ ဘာမှ မကြားမိဘူး။ ဦးအောင်မင်းလည်း မနားဘူး။ ဦးစိုးသိန်းလည်း မနားပါဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
သတင်းထွက်နေတာ ကြာပေမယ့် ခုချိန်ထိ တကယ် ဖြစ်မလာသေးတာဟာ မူရင်းသတင်းက မှားလို့လား၊ အစီအစဉ် ပြောင်းသွားတာလား၊ ယာယီ ဆိုင်းငံ့ထားတာလား ဆိုတာကတော့ သမ္မတ ဦးသိန်းစိန်ပဲ သိမယ် ထင်ပါတယ်။
ဘာကြောင့် နားမှာလဲ/ဘာကြောင့် နားခိုင်းမှာလဲ ဆိုတဲ့အသံက အမျိုးမျိုး ထွက်ခဲ့တာပါ။
အဲဒီထဲမှာ ငြိမ်းချမ်းရေး ဝန်ကြီး ဦးအောင်မင်းတယောက် ကျန်းမာရေးကြောင့် အနားယူလိုကြောင်း သမ္မတထံ တင်ပြထားတယ် ဆိုတဲ့ အသံလည်း အပါအ၀င်ပေါ့။
သို့သော်လည်း ပြီးခဲ့တဲ့လကုန်ပိုင်း ရန်ကုန်ရောက်လာတဲ့ ဦးအောင်မင်းကိုကြည့်ရတာကတော့ ၉၆ ပါး ကင်းရှင်းပုံရပါတယ်။
ခါတိုင်းလို လန်းလန်းဆန်းဆန်း တက်တက်ကြွကြွပါပဲ။
နေပြည်တော်က အရာရောက်သူတဦးကတော့ ထင်ထားတာတွေရော၊ ထင် မထားတာတွေပါ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း ပြောပြပါတယ်။
“ဦးလွန်းမောင်တုန်းကလည်း ဘယ်သူမှ မသိလိုက်ဘူး။ ကာယကံရှင်တောင် မသိလိုက်ဘူး။ သတင်း သဲ့သဲ့ပဲ ကြားလိုက်ရတယ်။ နောက်ပိုင်း ဦးလွန်းမောင်ပါတာ သိလိုက်ရတယ်” လို့ သူက မှတ်ချက်ပေးပါတယ်။
အနားပေးခံခဲ့ရသူ ဦးလွန်းမောင်ကိုယ်တိုင်ကလည်း ဧရာဝတီနဲ့ အင်တာဗျူးစဉ်က ...
“ဘာမှ ကြိုမသိခဲ့ဘူး။ နာမည်ပါလာမှ ကိုယ်အနားပေးခံရတာ သိတာ” လို့ ဖြေကြားခဲ့ဖူးပါတယ်။
ကဲ ... ဘာမှ ကြိုမသိနိုင်ပါဘူး လို့ ဆိုသူလည်း ဆိုခဲ့ပါပြီ။
ဝန်မင်းများ အနားမယူရဘူး၊ ကျန်းမာရေးလည်း ကောင်းတယ် ဆိုရင်တော့ ၂ဝ၁၅ အထိ ဆက်လက် တာဝန်ယူရတော့မယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။
မေခ ~
(ဧရာဝတီ)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.