ကုန်းတွင်းနှင့်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များပြ မြေပုံ (စွမ်းအင်ဝန်ကြီးဌာန)
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၆၂၆၆၅ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ကို ပြည်တွင်းသုံးစွဲမှု ဖူလုံရေး၊ ပြည်ပသို့ တိုးတက်တင်ပို့နိုင်မှုအတွက် တိုးချဲ့ရှာဖွေ ထုတ်လုပ်ရန် ရည်မှန်းထားပြီး ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ယခင်ဘဏ္ဍာရေးနှစ်ထက် ၂၅ ရာခိုင်နှုန်းကျော် တိုးတက်ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ထားခြင်းမှာ မကွေးတိုင်းဒေသကြီးတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများ တိုးတက်လာမည်ဟု ခန့်မှန်းခြင်း၊ ရခိုင်ပြည်နယ် ကမ်းလွန်ရွှေသဘာဝ ဓာတ်ငွေ့မြေမှ စတင်ထွက်ရှိခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ဇောတိက သဘာဝဓာတ်ငွေ့မြေမှ စတင်ထွက်ရှိမည်ဟု ခန့်မှန်းထားခြင်းကြောင့်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ အမျိုးသားစီမံကိန်းတွင် ဖော်ပြချက်အရ သိရသည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း စွမ်းအင်ဝန်ကြီးဌာနမှ သာကြီးတောင်/စပယ်ရေနံမြေ၊ ကျောက်ခွက်/လက်ပံတို/အရာတော်ရေနံမြေ၊ ချောက်ရေနံမြေ၊ ညောင်တုန်း/မအူပင် ရေနံမြေနှင့် ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဘဏ္ဍာနှစ်အတွင်း ကုန်းတွင်းလုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၈၂၈၀ သန်း၊ ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေ ၅၄၄၃၈၅ သန်း၊ စုစုပေါင်း သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၅၆၂၆၆၅ ထုတ်လုပ်သွားရန် စီစဉ်ထားပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုထက် ၂၅ ရာခိုင်နှုန်းကျော် တိုးတက်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့သယံဇာတဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပတင်ပို့ ရောင်းချမှုနှင့် ပတ်သက်၍ ယခင်က ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်ချက် မရှိခဲ့ခြင်းနှင့် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် နိုင်ငံခြားငွေ လိုအပ်ချက်များကြောင့် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံတွင် ရတနာစီမံကိန်း၊ ရဲတံခွန် စီမံကိန်းတို့မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချလျက်ရှိပြီး ဇောတိက စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံ၊ ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချသွားမည် ဖြစ်သည်။ မြန်မာအစိုးရသည် နိုင်ငံတွင်းမှ ထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း၌ ပိုမိုသုံးစွဲရန် မူဝါဒပြောင်းလဲ ချမှတ်ထားကြောင်း သိရသည်။
First Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.