0
ပြန်ကြားရေး ဒုတိယ၀န်ကြီးများ၊ စာနယ်ဇင်း ကောင်စီနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ နေပြည်တော်၌ ဇူလိုင် ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ်

ပြန်ကြားရေး ၀န်ကြီးဌာနမှ ညီနောင်ဥပဒေအဖြစ် လွှတ်တော်သို့ တင်သွင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း မတင်ပေးသည့်အတွက် အဆိုပါ ကတိပျက်မှုအပေါ် မယုံကြည် တော့သောကြောင့် စာနယ်ဇင်းကောင်စီ အနေဖြင့် သတင်းမီဒီယာ ဥပဒေကို လွှတ်တော်သို့ တိုက်ရိုက်တင်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၂၄ ရက်က လွှတ်တော်ဝင်းအတွင်း ပြန်ကြားရေး ဒုတိယ၀န်ကြီးများ၊ စာနယ်ဇင်းကောင်စီနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ တွေ့ဆုံမှု ပြုလုပ်ခဲ့ရာတွင် အဆိုပါ ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ၎င်းတို့နှင့် သဘောထား ကွဲလွဲနေသည့် အချက်များ ပါဝင်မှုကြောင့် တင်မပေးနိုင်ဟု ဆုံးဖြတ်ခဲ့သည့်အတွက် စာနယ်ဇင်းကောင်စီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှတစ်ဆင့် တိုက်ရိုက်တင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားသော ဥပဒေကြမ်းနှင့် စာနယ်ဇင်းကောင်စီမှ ရေးဆွဲထားသော ဥပဒေကြမ်းတို့အပေါ် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အချက် ၅၁ ချက်ကို လက်ခံခဲ့ပြီး အချက် ၁၇ ချက် အပေါ်တွင် သဘောထား ကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့တင်တဲ့ ဥပဒေကြမ်းမှာက ပြန်ကြားရေး ၀န်ကြီးဌာနက မကြိုက်တဲ့အချက် ၁၇ ချက် ပါနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ကနေ တိုက်ရိုက်တင်မှာ" ဟု စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။
"အရင်က မီဒီယာနဲ့ပတ်သက်ပြီး ဥပဒေတစ်ခုပဲ ရှိတယ်။ အဲဒီတစ်ခုကို ပြင်ရေးဖို့ စာနယ်ဇင်းကောင်စီကို အပ်တယ်။ အပ်တော့မှ ပြန်ကြားရေးက နောက်တစ်ခုကို တင်လိုက်တဲ့အတွက် နှစ်ခုဖြစ်လာတယ်ဆိုတာ သတင်းတွေကို နားစွင့်တဲ့လူတိုင်း သိပါတယ်။ နှစ်ခုဖြစ်လာတဲ့ အခါကျတော့ ဒီအကြောင်းအရာကိုပဲ နှစ်ခြမ်းခွဲတယ်လို့ ဆိုတယ်။ အဲဒီလို နှစ်ခြမ်းခွဲတာသည် ဒင်္ဂါးပြားတစ်ခုကို နှစ်ခြမ်းခွဲသလိုပဲ။ ခွဲလို့မရတဲ့ဟာ နှစ်ခုကို ခွဲတာ။ ဒါကတော့ လုပ်ငန်းပိုင်းဆိုင်ရာ ဥပဒေ။ ဒါကတော့ ပရော်ဖက်ရှင်နယ်နဲ့ ပတ်သက်တဲ့ ဥပဒေဆိုပြီးတော့ ပြောတယ်။ ဒါက သတင်းမီဒီယာ အပိုင်း၊ ဒါက သတင်းသမား အပိုင်း။ နောက်ပြီးတော့ ပြန်ကြားရေး ၀န်ကြီးဌာနက လျှောက်ပြီးတော့ ၀ါဒဖြန့်တဲ့အထဲမှာ ဘာပါသလဲဆိုတော့ သတင်းသမား ဆိုတာက နည်းနည်းလေးပဲ။ ပုံနှိပ်လုပ်ငန်း ဆိုတာက ဘာညာဘာညာနဲ့ သူတို့နဲ့ဆိုင်တာ မဟုတ်ဘူး။ စသည်ဖြင့် ဒီလိုပြောတယ်။ အဲဒီတော့ စာနယ်ဇင်း လုပ်နေတဲ့ ပုံနှိပ်သမား ထုတ်ဝေသူဆိုတာက နည်းနည်းလေးပဲ ရှိတယ်။ ကျန်တဲ့ အမြောက်အမြားသည် ဘာညာဘာညာ စသည်ဖြင့် ပြောတယ်။ စာနယ်ဇင်းတွေသည် ပုံနှိပ်မထုတ်ဝေဘဲနဲ့ ဘာမှလုပ်လို့ မရဘူး။ စာနယ်ဇင်းတွေ လွတ်လပ်ခွင့်ကို အဲဒီဘက်ကနေလာပြီး ပိတ်ပါတယ်" ဟု စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဖေမြင့်က ပြောကြားသည်။
ကွဲပြားရသည့် အကြောင်းရင်းကို အတိုချုပ်ပြောမည် ဆိုပါက တောင့်တခြင်းနှင့် ကြောင့်ကြခြင်းကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် နူးညံ့သိမ်မွေ့သည့် အပြောင်းအလဲ ကာလကို ဖြတ်သန်းရသည့်အတွက် ကြောင့်ကြပါကြောင်း၊ စာနယ်ဇင်းများ အနေဖြင့်လည်း ဖိနှိပ်မှုအောက်တွင် နေခဲ့ရသည့်အတွက် လွတ်လပ်မှုကို လိုချင်သည့် တောင့်တစိတ်များရှိကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက "ဥပဒေတစ်ခုဟာ တောင့်တခြင်း၊ ကြောင့်ကြခင်းနဲ့ ဆွဲလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စနစ်တစ်ခုကနေ စနစ်တစ်ခုကို ပြောင်းတဲ့ကာလ။ အဲဒီကာလမှာ တစ်ယောက်နဲ့တစ်ယောက် သံသယတွေ၊ မယုံသင်္ကာမှုတွေ ရှိတတ်ပါတယ်။ အဲဒီ မယုံသင်္ကာမှုတွေနဲ့ ကျင့်ဝတ်တွေကိုဆွဲရင် ပြဿနာ ရှိပါတယ်။ ဒီမိုကရေစီ မြင့်တက်တဲ့ နိုင်ငံတစ်ခု ဖြစ်ဖို့က အဲဒါတွေ မပါအောင် ဆွဲဖို့လိုပါတယ်။ အဲဒီ သံသယတွေ၊ မယုံသင်္ကာမှုတွေနဲ့ ဆွဲခဲ့ရင် အဲဒီထွက်သွားတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ၊ ပြဿနာတွေ၊ ဆန္ဒပြတာတွေ ကြုံတတ်ပါတယ်" ဟု ပြန်လည်ပြောကြားသည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှတစ်ဆင့် တင်သွင်းသွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း ဦးကျော်မင်းဆွေက ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ကြားခံအဖြစ် ပါဝင်ခဲ့သည့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ ဥက္ကဋ္ဌ သူရဦးအေးမြင့်က ၎င်းတို့ကော်မတီ အနေဖြင့် စာနယ်ဇင်းကောင်စီက တင်သွင်းမည့် ဥပဒေကြမ်းကို လက်ခံသွားမည်ဖြစ်ကာ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
စာနယ်ဇင်းကောင်စီမှ တင်သွင်းသည့် ဥပဒေကြမ်းကို ၀န်ကြီးဌာနမှ တင်မည်ဆိုပါက မည်သည့်ပြင်ဆင်ချက်မှ မပါဘဲ နဂိုရေးဆွဲထားသည့် မူကြမ်းအတိုင်းသာ တင်ရမည်ဟု သူရဦးအေးမြင့်က ပြောကြားခဲ့ရာ ပြန်ကြားရေး ဒုတိယ၀န်ကြီးများက မည်သည့်သဘောထားမျှ တိတိကျကျ မပေးခဲ့ဘဲ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးရဲထွန်းက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ၎င်းတို့လက်မခံသည့် အချက်များ ပါဝင်သည့် ဥပဒေကြမ်းကို တာဝန်ခံ တင်ပေးလိုမည် မဟုတ်ကြောင်း ကြားဝင်ရှင်းလင်း ပေးခဲ့သောကြောင့် စာနယ်ဇင်းကောင်စီမှ တိုက်ရိုက်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

First Eleven Media Group

Post a Comment

 
Top