0
စင်ကာပူနိုင်ငံ SDH Institute ကျောင်းနှင့်ချိတ်ဆက်သင်ကြားမည့် ပုဂ္ဂလိက နိုင်ငံတကာကောလိပ် သစ်တစ်ခုကို ရန်ကုန်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကောလိပ်မှာ Temasek International Collage ဖြစ်ပြီး ယင်းကောလိပ်သို့ စက်တင်ဘာ ၂ ရက်တွင် စတင်တက်ရောက်ရမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုအတွက် ကျောင်းသားဦးရေ ၂၅ ဦးခန့်သာ လက်ခံသွားမည်ဖြစ်ကြောင်း ယင်းကောလိပ်၏ စင်တာဒါရိုက်တာဖြစ်သူ Ms.Carine Leport ကပြော သည်။

ယင်းကောလိပ်မှ စင်တာဒါရိုက်တာ Ms.Carine Leport က “ကျွန်မကောလိပ်မှာ ထူးခြားတာက မြန်မာပြည်အနေနဲ့ အသစ်လို့ပြောလို့ရတဲ့ Events Management ဘာသာရပ်ကို သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒီဘာသာရပ်ဟာ တခြား Management တွေနဲ့မတူတဲ့ နိုင်ငံတော်အဆင့်နဲ့ ကျင်းပတဲ့ Meeting အကြီးစားတွေကို အောင်မြင်စွာကျင်းပနိုင်အောင် ဘယ်လို Manage လုပ်ရမယ်ဆိုတာကို သင်ပေးမှာ ဖြစ်ပါတယ်” ဟုပြောသည်။
အဆိုပါကောလိပ်တွင် Business Management, VIP Services, Events Management, Hospita-lity, Tourism စသည့်ဘာသာရပ်များကို သင်ယူနိုင်မည်ဖြစ်ကြောင်း၊ အစိုးရတက္ကသိုလ်များကဲ့သို့ စာသင်နှစ်တစ်နှစ်လျှင် Semester နှစ်ခု၊ တစ်ပတ်လျှင် စာသင်ချိန်နာရီ ၂၀ နှုန်းဖြင့်တက်ရောက်သင် ယူပြီး နှစ်ဝက်စာမေးပွဲများကို Assignment များ၊ ပရောဂျက်များဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ပထမနှစ်နှစ်ကို ပြည်တွင်း၌တက်ရောက်ပြီး၊ နောက်ဆုံးတစ်နှစ်ကို စင်ကာပူနိုင်ငံရှိ SDH Institute တွင်တက်ရောက်ရမည် ဖြစ်ကြောင်းသိရသည်။
Advanced Diploma တက်ရောက်ရန် အဆင့်သတ်မှတ်ချက်မမီပါက ဖောင်ဒေးရှင်း လေးလတက် ရောက်ရမည်ဖြစ်ကြောင်း၊ Advanced Diploma တက်ရောက်နေစဉ် စာသင်ပတ်နောက်ဆုံးနှစ်ပတ်ကို စင်ကာပူနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများသို့ တိုက်ရိုက်သွားရောက် လေ့လာနေစဉ် ကောလိပ်မှ နေထိုင်စရိတ်ကုန်ကျခံသွားမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ ကောလိပ် တစ်ခုနှင့်ချိတ်ဆက်ထားသောကြောင့် ယင်း Institute နှင့်ချိတ်ဆက်ထားသော အင်္ဂလန်၊ သြစတြေး လျနှင့် ပြင်သစ်နိုင်ငံတို့ရှိ VATEL, UCB, University of Birmingham အစရှိသည့် တက္ကသိုလ်များသို့ ဆက်သွယ်တက်ရောက်နိုင်မည် ဖြစ်ကြောင်းသိရသည်။
ယင်းသို့ပုဂ္ဂလိက နိုင်ငံတကာတက္ကသိုလ် ကောလိပ်သစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းနှင့်ပတ်သက်၍ လက်ရှိပုဂ္ဂလိကတက္ကသိုလ် ဖွင့်လှစ်ထားပြီးဖြစ်သော Victoria University College မှ ကျောင်းအုပ် ကြီး ဒေါက်တာနေက “ဒီလို ပုဂ္ဂလိကတက္ကသိုလ်ကောလိပ်တွေ ထွက်ပေါ်လာတာကို ကြိုဆိုပါတယ်။ ကျောင်းသားတွေအနေနဲ့ ရွေးချယ်စရာများလာတာပေါ့။ ဒီတက္ကသိုလ်ကောလိပ်တွေက ကျောင်းသား တွေလိုချင်တဲ့ပညာတွေ တကယ်ပေးနိုင်သလား။ စီးပွားဖြစ်လုပ်တာလားဆိုတာကို သေချာရွေးပြီး တက်ရောက်သင့်တယ်” ဟု ဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ပုဂ္ဂလိကနိုင်ငံတကာ တက္ကသိုလ်ကောလိပ်ရှစ်ခုခန့် ဖွင့်လှစ်ထားပြီး ဖြစ် သည်။
The Flower News Journal
Vol.9, No.29, JULY-30, AUGUST 5, 2013

Post a Comment

 
Top