0
 
CNN, BBC, MSN, Bloomberg, Mashable, NY Time အစရှိသဖြင့် ကမ္ဘာ့သတင်းများကို နေ့စဉ်မပျက်တင်ဆက် ပေးနေတဲ့ သတင်းဆိုဒ်တွေ အောင်မြင်ကြပါတယ်။ သို့ပေမယ့် ၎င်းတို့ Traffic Status ကို ကြည့်ရှုလိုက်တဲ့ အခါမှာ အများစု ကြည့်ရှုသူများက အမေရိကနဲ့ ဥရောပ နိုင်ငံများမှ ဖြစ်ပါတယ်။


 ထိုနည်းတူစွာ ဂျပန်မှာဆိုရင်လည်း NHK, တရုတ်ဆိုရင် CCTV, Xinhua အစရှိသဖြင့် သူ့နိုင်ငံအလိုက် တည်ရှိပြီး ကမ္ဘာ့သတင်းအားလုံးကို ခြုံငုံလို့ အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ကြပါတယ်။ ထောက်ခံအားပေးသူ များလည်းရှိတဲ့အတွက် ဝဘ်ဆိုဒ်မှ ဝင်ငွေတွေနဲ့တင် ကောင်းကောင်း လည်ပတ်လုပ်ကိုင်နိုင်ကြပါတယ်။

မြန်မာပြည်မှာလည်း ယင်းကဲ့သို့ သတင်းဌာနမျိုးပေါ်ပေါက်လာအောင် ကြိုးစား၊ ကြိုးပမ်းခဲ့ကြပါတယ်။ ကြိုးလည်း ကြိုးစားနေကြပါတယ်။ သို့ပေမယ့် လိုသလောက် ခရီးမရောက်ပါဘူး။ အကြောင်းအရင်းကို ပြန်ရှာ ကြည့်လိုက်တဲ့အခါ အဖြေကို ဒီလိုတွေ့ ပါတယ်။

ပြည်ပကို သုံးသပ်ခြင်း

အမေရိကန်တို့လိုနိုင်ငံမှာ နေထိုင်တဲ့ သူများက အားလုံးနီးပါးဟာ စား၊ဝတ်၊နေရေး ပြေလည်ပြီး ပူပင်စရာဆိုလို့ ၎င်းတို့ အလုပ်မှာ အမှားအယွင်း ရှိမရှိပဲ ဖြစ်ပါတယ်။ အများအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တနင်္လာကနေ သောကြာ အထိ အလုပ်ကို စိတ်နှစ်လို့ လုပ်ကိုင်တတ်ကြပြီး စနေ၊ တနင်္ဂနွေမှာ အေးအေးလူလူ အနားယူပါတယ်။ အများအားဖြင့်ကို ဆိုလိုတာပါ။ မိသားစုမှာ ပူစရာနည်းပါတယ်။ ပတ်ဝန်းကျင်မှာ ပူစရာနည်းပါတယ်။ ဒီတော့ ကမ္ဘာက အပူတွေကို လေ့လာချင်စိတ်က ၎င်းတို့ဆီမှာ ကိန်းအောင်းသွားပါတယ်။ ဒါကြောင့် ကမ္ဘာအရပ်ရပ်က သတင်းတွေကို လိုက်ဖတ်တယ်။ လိုက်လေ့လာတယ်။ အာဖရန်နစ္စတန်မှာ ဗုံးပေါက်လဲ ဆိုင်ဆိုင်မဆိုင်ဆိုင် လိုက်ဖတ်တယ်။ လိုက်ပြောတယ်။ အီသီယိုးပီးယားမှာ ရေငတ်လည်း ၎င်းတို့အတွက် အင်မတန် သနားစရာသတင်းဖြစ်သွားပါတယ်။ မြန်မာပြည်အရေးလည်း စိတ်ဝင်စားကြလို့ အချို့ တွေဆို အသင်းအဖွဲ့လုပ်ပြီးတော့တောင်အမြဲစောင့်ကြည့်နေကြပါတယ်။ ဒီအတွက် ၎င်းတို့မှာ ပူပင်စရာ မရှိပါဘူး။ ယင်းကဲ့သို့ အပူအပင်မရှိလို့ အပူရှာ၊ လေ့လာချင်သူများအတွက် CNN, BBC တို့လို ဝဘ်ဆိုဒ်များ ပေါ်ထွန်းပြီး နေ့စဉ် သတင်းတွေ မျှဝေပါတယ်။ ကမ္ဘာတစ်လွှား သတင်းထောက်တွေ လွတ်လို့ ဓာတ်ပုံတွေရိုက်ခိုင်းပါတယ်။ သတင်းအချက်အလက်တွေယူပါတယ်။

ယင်းအချက်နဲ့တင် မလုံလောက်ပါဘူး။ နောက်တစ်ချက် ရှိပါသေးတယ်။ စီးပွားရေးပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ စတော့ရှယ်ယာ ဈေးကွက် ကစားကြပါတယ်။ စတော့ရှယ်ယာ ဈေးကွက်ကနေပဲ ကမ္ဘာမှာ ရှိတဲ့ စီးပွာရေး လုပ်ငန်းတွေဆီကို ရှယ်ယာတွေထည့်လိုက်၊ ထုတ်လိုက် လုပ်တယ်။ ပြည်တွင်းတင်မက Register လုပ်ထားတဲ့ ပြည်ပက ရှယ်ယာဖိတ်ခေါ် ကုမ္မဏီတွေအထိပါ ရှယ်ယာအလှဲအပြောင်းလုပ်ပြီး ငွေကိုရအောင် ယူနေကြပါတယ်။ အီရတ်နဲ့ အနောက်ကမ္ဘာ အုပ်စု စကားများ၊ ရန်ဖြစ်မယ်။ ဒီတော့ ရေနံဈေးတက်မယ်။ ဒေါ်လာဈေး၊ ရွှေဈေးနဲ့လည်း ဆက်စပ်သွားတယ်။ အတက်တွေဖြစ်တယ်။ အကျတွေ ဖြစ်တယ်။ ကမ္ဘာအရပ်ရပ်က ပြောင်းလဲမှုများကြောင့် စတော့ရှယ်ယာ ဈေးကွက်က တိုက်ရိုက်ဆက်စပ်ပြီး အခြားသော ပို့ကုန်သွင်းကုန်ဈေးကွက်တွေအထိပါ ဆက်စပ်မှု ရှိစေပါတယ်။ ဒါကြောင့်မို့ အမေရိကန်တို့လို ဖွံ့ဖြိုးပြီး နိုင်ငံများက ကမ္ဘာအရပ်ရပ်က သတင်းကို နေ့ရော၊ ညပါ အမြဲတမ်း စိတ်ဝင်တစား စောင့်ကြည့်နေခြင်း ဖြစ်ပါတယ်။

အနီးစပ်ဆုံးပြောရရင် မြန်မာပြည်ဟာ လက်ရှိမှာ တံခါးပေါက်ဖွင့်ကာစ အချိန်ဖြစ်ပါတယ်။ ဒီအတွက် တရုတ်၊ အမေရိကန်၊ ဂျပန်နဲ့ အခြားသော နိုင်ငံကြီးများကလည်း စိတ်ဝင်တစား ရှိလျက်ရှိပြီး အပြောင်းအလဲ အသေးအမွားက အစ လိုက်လံ စောင့်ကြည့်နေကြပါတယ်။ သတင်းထောက်တွေ့ပါတယ်။ အပြောင်းအလဲ တွေကို လိုက်လို့ Time တို့လို မဂ္ဂဇင်းကြီးတွေမှာတောင် Cover တင်ရတဲ့အထိ သတင်းတွေက ကြီးကုန်ပါတယ်။

ဒါကြောင့် အနောက်တိုင်းမှာ အွန်လိုင်းဆိုဒ်တွေတင်မကပဲ အပြင်က ဂျာနယ်၊ သတင်းစာတွေအထိပါ ကမ္ဘာ့ သတင်းလွမ်းမိုးမှုက အင်မတန်ပြင်းထန်ပါတယ်။ လူတိုင်း နီးပါး ကမ္ဘာ့အရေးစိတ်ဝင်စားပြီး အချိန်နဲ့တပြေးညီ စောင့်ကြည့်နေကြပါတယ်


ပြည်တွင်းကို သုံးသပ်ခြင်း

မြန်မာပြည်မှာကျ တစ်မျိုးပါ။ အားလုံးက မြင်ကြ၊တွေ့ကြတဲ့အတိုင်း ပြေလည်သူ နည်းပြီး အားလုံး ကြိုးစား၊ရုန်းကန်ဆဲ အချိန်ကာလ ဖြစ်ပါတယ်။ ဒါကြောင့် အစ္စရေးနဲ့ လက်ဘနွန်အရေးအခင်းထက် နက်ဖန် စားဖို့ ထမင်းနဲ့ ဟင်းကို စိတ်ဝင်စားပါတယ်။ အာဖဂန်မှာ ဗုံးခွဲမယ့် သတင်းထက် လကုန်ရင် လစာတိုးမတိုး သတင်းကိုပဲ အာရုံစိုက်ပါတယ်။ နာဆာတို့ ဂြိုလ်တုလွင့်တင်တဲ့ သတင်းထက် လက်ရှိ ဖုန်းအင်တာနက် လိုင်း ကောင်းကောင်း သုံးရဖို့ပဲ မျှော်လင့်ပါတယ်။ ဂျပန်မှာ ကျည်ဆံရထား ဘယ်လောက်မြန်တာလဲထက် ရန်ကုန်က ဘတ်စကား ဘယ်တော့ ချောင်ချောင်လည်လည် စီးရမလဲကို စိတ်ဝင်စားပါတယ်။ အိမ်ဖြူတော်မှာ အမတ်လောင်း အပြောင်းအလဲ ဖြစ်တာထက် ပြည်တွင်းက အစိုးရ အပြောင်းအလဲကို ပိုမို စိတ်ဝင်စားပါတယ်။ ကမ္ဘာ့ခေါင်းဆောင်ကြီး စကားဝိုင်းထက် နက်ဖန် မိသားစု စုံညီစကားဝိုင်းမှာ သားသမီး ပညာရေးကို ပိုမို စိတ်ဝင်စားပါတယ်။

ဒီတော့ ဆိုလိုချင်တာက အများအားဖြင့် မြန်မာပြည်မှာ လက်ရှိအနေအထားရ ပြည်ပက အပြောင်းအလဲများကို စိတ်ပါဝင်စားမှု နည်းပါတယ်။ သို့ပေမယ့် တစ်ခုတော့ ရှိပါတယ်။ နည်းပညာပါ။ နည်ပညာကျတော့ စိတ်ပါဝင်စားသူ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာပါတယ်။ ဒါက အိန္ဒိယတို့ ကြုံတွေ့ခဲ့ရတဲ့ ကာလတစ်ခုနဲ့လည်း တူညီနေပါတယ်။ တစ်ချိန်တုန်းက အိန္ဒိယဟာလည်း နိုင်ငံပြုပြင်ပြောင်းလဲရေးကာလက ပညာတတ်ဖို့အတွက် အိုင်တီကို အဓိက မှီခိုအားထားခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း တိုင်းပြည်ဟာ အိုင်တီစီးပွားရေး ကို မှီခိုရလောက်တဲ့အထိ ကြီးမားတဲ့ IT Industry ကြီးတစ်ခုရှိလာပြီး ဆိုင်ဘာမြို့ တော်တွေ ဘာတွေတောင် တည်ထောင်တဲ့အထိ ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်ကလည်း ထိုနည်းတူစွာပါပဲ။ မြန်မာပြည်မှာIT Industry ကြီးရဲ့  ပြောင်းလဲလာမှုကိုတော့ စိတ်ဝင်စားကြပါတယ်။ ဒါတောင်အားလုံး မဟုတ်ပါဘူး။ မြို့ နေလူတန်းစားတွေသာ ဖြစ်ပါတယ်။ Apple ရဲ့  iPhone 5 ကိုသိကြပါတယ်။ Samsung ရဲ့  Galaxy S4 ကိုသိပါတယ်။ စတိဗ်ဂျော့ကို သိပါတယ်။ ဘီလ်ဂိတ်ကို သိပါတယ်။ ကမ္ဘာတစ်လွှားက နည်းပညာ တိုးတက်ပြောင်းလဲမှုများကို အချိန်နဲ့ တပြေးညီစောင့်ကြည့်ပြီး ထိုပြောင်းလဲမှုများကိုအမှီလိုက်အောင် ကြိုးစားနေဆဲ ကာလ ဖြစ်ပါတယ။်

ဒါကြောင့် နော်ဝေမှာ မြို့ လယ်ခေါင် သေနတ်ပစ်သွားတဲ့ လူသတ်သမားရဲ့ အမည်ကို မှတ်ထားဖို့လည်း အချိန်မပေးပါဘူး။ ဆီးရီးယားမှာ ဆန္ဒပြလို့ သေသွားတဲ့ လူဦးရေအရေအတွက်ကို စိတ်မဝင်စားပါဘူး။ ပြည်တွင်းက နိုင်ငံရေးအပြောင်းအလဲ ကို အဓိက ထား အာရုံစိုက်နေပြီး မြို့ နေလူတန်းစားများက နိုင်ငံရေး အပြင် ကမ္ဘာ့အိုင်တီပညာ အပြောင်းအလဲကိုပါ စောင့်ကြည့်နေကြပါတယ်။

ဒါကြောင့် မြန်မာပြည်မှာ လက်ရှိ အွန်လိုင်း သတင်းဌာနတွေတည်ထောင်တဲ့အခါ ပြည်တွင်းသတင်းကို အသားပေးဖော်ပြထုတ်ပြန်မှုကသာ အအောင်မြင်ဆုံး ဖြစ်နေပြီး အခြားသော ဖြော်ဖျေရေးတောင်မှ အင်တာနက် ကောင်းကောင်းသုံးရနေတဲ့ User အချို့  ကသာ မှီခိုနေခြင်း ဖြစ်ပါတယ်။ ဒီတော့ ပြည်တွင်းမှာ CNN, BBC, Xinhua, NHK, CCTV, DailyMail တို့လို သတင်းဆိုဒ်မျိုးတွေ လက်ရှိအချိန်မှာ ပေါ်လာလည်း မလွယ်သေးပါဘူး။ သို့ပေမယ့် စတော့ရှယ်ယာဈေးကွက်က ပေါ်လာပါတော့မယ်။ အဲ့အချိန်ကျရင်တော့ ကမ္ဘာ့အရေးလည်း ဆိုင်သလိုလို ရှိလာပါတော့မယ်။ ဒါကြောင့်မို့ ကမ္ဘာ့သတင်းလည်း ပိုမို စိတ်ဝင်စားလာကြ မှာ ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုလည်း ပြေလည်လာမှာမို့ ပြည်ပသတင်းကိုလည်း စိတ်ပါဝင်စားစာ စောင့်ကြည့်တဲ့ လူတန်းစား အဖွဲ့အစည်းကလည်း တစ်ဖြေးဖြေးကျယ်ပြန့်လာနိုင်တယ်လို့ ခန့်မှန်း သုံးသပ် မိပါတယ်။
.
အောင်ခမ်း (TSJ team)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top