တပ်မတော်သား
လွှတ်တော် ကိုယ်စားလှယ်များအား ဇူလိုင် ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု
လွှတ်တော် အစည်းအဝေး မစတင်မီတွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်သင့်သည့် အချက်များကို လေ့လာနိုင်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
အဆိုပါ ကော်မတီကို ဇူလိုင် ၁၇ ရက် က စတင် ဖွဲ့စည်းခဲ့သော်လည်း ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှသာ အဆုံးအဖြတ် ရယူခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကော်မတီကို ပြည်ထောင်စု လွှတ်တော်တွင် ပါတီတစ်ခုချင်းအလိုက် ပါဝင်သည့် လွှတ်တော် ကိုယ်စားလှယ် အချိုးကျ အရေအတွက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကာ ဒုတိယ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်/ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။
ကော်မတီတွင် နိုင်ငံရေး ပါတီအလိုက် ပါဝင်သည့် စာရင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၅၂ ဦး(၅၂.၄၈%)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခုနစ်ဦး (၆.၆၆%)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ လေးဦး (၃.၄၁%)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ သုံးဦး (၂.၄၈%)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ နှစ်ဦး (၂.၀၁%)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှနှစ်ဦး (၁.၀၈%)၊ ချင်းတိုးတက်ရေး ပါတီမှနှစ်ဦး (၀.၉၃%)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ တစ်ဦး (၀.၇၇%)၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ တစ်ဦး (၀.၇၇%)၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှတစ်ဦး (၀.၆၂%)၊ တစ်သီး ပုဂ္ဂလိက တစ်ဦး (၀.၆၂%)၊ ချင်းအမျိုးသား ပါတီမှ တစ်ဦး(၀.၄၆%)၊ ''၀''ဒီမိုကရက်တစ် ပါတီမှတစ်ဦး (၀.၄၆%)၊ ကရင်ပြည်သူ့ ပါတီမှတစ်ဦး (၀၃၁.%)၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ တစ်ဦး (၀.၃၁%)၊ တအောင်း (ပလောင်)အမျိုးသား ပါတီမှတစ်ဦး (၀.၃၁%)၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ တစ်ဦး(၀.၃၁%)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှတစ်ဦး (၀.၁၆%)၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှတစ်ဦး (၀.၁၆%)၊ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ဦး (၂၅.၇၀%) တို့ ဖြစ်ကြောင်း သိရသည်။
ယခုဖွဲ့စည်းထားသည့် ကော်မတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြင်ဆင်ရမည့် အချက်များကို လေ့လာသုံးသပ်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်အတွင်း မရောက်ရှိသေးသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ အပါအ၀င် နယ်ပယ်အသီးသီးရှိ ပညာရှင်များထံမှ အကြံဉာဏ်များ ရယူခွင့် ပြုထားသည်။
အဓိကအားဖြင့် ကော်မတီဝင်များ အနေဖြင့် ပြည်သူများထံမှပါ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် ပြင်ဆင်စေလိုသော အချက်များအပေါ် အကြံဥာဏ်များ ရယူခွင့် ပြုထားသည်။
First Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.