0






ဓာတ်ပုံ= Eleven Media Group (မတ်လ ၂၈ ရက်နေ့ နတ္တလင်းမြို့မြင်ကွင်း)

        ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၊ နတ်တလင်းမြို့နယ်၊ သဲကုန်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ်တို့၌ ဆူပူအကြမ်းဖက်လိုသူများက ဘာသာရေး အဆောက်အအုံများ၊ ဈေးဆိုင်များ၊ လူနေအိမ်များအား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဝင်ရောက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် တာဝန်ရှိသူများက ထပ်မံမဖြစ်ပွားစေရေး လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း မသင်္ကာသူအချို့အား ခေါ်ယူထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။


 အုတ်ဖိုမြို့နယ်၌ မတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် လူအုပ်စုများက ဘာသာရေး အဆောက်အအုံ၊ ဈေးဆိုင်၊ နေအိမ်အချို့အား ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း သိရသည်။ ထို့ပြင် နတ်တလင်းမြို့နယ်၌ မတ် ၂၆ ရက် ညပိုင်းမှ စတင်၍ လူအုပ်စုများက ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခြင်း၊ ဈေးဆိုင်များ ဖျက်ဆီးခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် နေအိမ်ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်း၊ ဘာသာရေး အဆောက်အအုံ တစ်လုံး ပျက်စီးခဲ့ကြောင်း၊ မတ် ၂၇ ရက်နေ့ ညနေ ၅ နာရီတွင် နတ်တလင်းမြို့၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရသည်။ အလားတူ သဲကုန်းမြို့နယ် အင်းမကျေးရွာအုပ်စု၌ မတ် ၂၇ ရက် နံနက်ပိုင်းတွင် လူအုပ်စုတစ်စုက ဘာသာရေး အဆောက်အအုံ တစ်လုံအား လေးခွများဖြင့် လာရောက် ပစ်ခတ်ခဲ့ကြသဖြင့် သဲကုန်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရကြောင်း၊ ယခုအခါ လုံခြုံရေး ဆောင်ရွက်ထားမှုကြောင့် ဆူပူဖျက်ဆီးမှုများ ထပ်မံဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။ ထို့အတူ ဇီးကုန်းမြို့နယ်၌ မတ် ၂၇ ရက် နံနက်ပိုင်းတွင် လူအုပ်စုဖြင့် လူနေအိမ်များအား ခဲဖြင့်ပစ်ပေါက်ခြင်း၊ ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် နေအိမ် ၁၄ လုံး၊ ဘာသာရေး အဆောက်အအုံ တစ်လုံးတို့ ပျက်စီးခဲ့ကြောင်း၊ ဇီးကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် မသင်္ကာသူ ၁၀ ဦးအား ခေါ်ယူထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း၊ မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီတွင် ဇီးကုန်းမြို့နယ်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဆူပူ အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ ဇီးကုန်းနှင့် နတ်တလင်း မြို့နယ်တို့၌ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ထားပြီး တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ပဋိပက္ခများ ကျယ်ပြန့်မလာစေရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိစိတ်ဓါတ်ရှိရှိဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် သက်ဆိုင်ရာက အသိပေးထားကြောင်း သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ် 

Post a Comment

 
Top