0

 

ပဲခူးမြစ်မှ ရေချိုယူရန် လေ့လာဆန်းစစ် တိုင်းတာမှု ပြီးစီးပြီဖြစ်ရာ မကြာမီရေချိုရယူနိုင်ခြင်း ရှိမရှိ သိရမည်ဖြစ်ကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။ သီလဝါ အထူးစီးပွားရေးဇုန်ကို ရေချိုလုံလောက်စွာ ဖြန့်ဖြူးနိုင်ရန် ပဲခူးမြစ်မှ ရေချိုယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက “လေ့လာဆန်းစစ် တိုင်းတာမှုကို ကုလား၀ဲနားကနေ ပဲခူးအထိ တိုင်းပြီးသွားပြီ။ တိုင်းပြီးရလာတဲ့ ဒေတာတွေကို ဒိန်းမတ်ပညာရှင်တွေဆီကို ပို့ပေးထားတယ်။ ရေချိုရနိုင် မရနိုင် မကြာခင် သိရတော့မှာပါ”ဟု ပြောသည်။ လက်ရှိဆောင်ရွက်နေသော ဆန်းစစ်မှုတွင် ရေချိုရရှိနိုင်ခြင်း ရှိမရှိ၊ ရေချို ရရှိပါက လုံလောက်သော ပမာဏာ ရနိုင်ခြင်းရှိမရှိနှင့် ပဲခူးမြစ်တွင်း ပင်လယ်ရေရောက်ရှိသည့် နေရာများကို လေ့လာနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ရေအရင်းအမြစ်နှင့် ပတ်သက်၍ လေ့လာနေသူတစ်ဦးက “ကျွန်တော့်အမြင်ပြောရရင် ပဲခူးမြစ်ထက် တိုးမြစ်က ပိုအဆင်ပြေနိုင်တယ်။ ပဲခူးက အရင်ကတည်းက ရေကြီးတဲ့ဒေသဖြစ်တယ်။ ပဲခူးမြစ်မှာ တမံဆောက်မယ်ဆိုရင် ပဲခူးမြို့အတွက် ပိုဆိုးသွားနိုင်တယ်”ဟု သုံးသပ်ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန်ကို ဇာမဏီ အင်းဆည်မှ ရေချိုပေးရန် ဆောင်ရွက်ထားသော်လည်း စီးပွားရေးဇုန် ဖွံ့ဖြိုးလာပါက ရေချိုလုံလောက်မှု မရှိဖြစ်မည်စိုး၍ ပဲခူးမြစ်မှ ရေချိုယူရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရရှိမည့်ရေချိုပမာဏာ များပြားါက ဘေးပတ်၀န်းကျင်ရှိ ဒေသများကိုပါ ရေချိုဖြန့်ဖြူးပေးမည်ဟု ဆိုသည်။

ပဲခူးမြစ်အတွင်း ရေငန်တားတမံများ ဆောက်ကာရေချိုရယူမည်ဖြစ်ပြီး ဖြစ်နိုင်ခြေ ရှိမရှိ လေ့လာမှုကို ဇွန် ၂၆ရက်တွင် စတင်ခဲ့ကာ သန်လျင်တံတား (ကုလား၀ဲ)မှ ဒါးပိန်၊ ဒါးပိန်မှ ပဲခူးအထိ တိုင်းတာမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Ref-Myanmar iCT

Post a Comment

 
Top