လူမှုကွန်ရက် Website တစ်ခုဖြစ်သည့် Twitterသည် အစိုးရ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများသို့ သဘာ၀ဘေး သို့မဟုတ် အရေးပေါ် အခြေအနေ သတိပေးချက်များကို ဖုန်းများဆီသို့ တိုက်ရိုက်သတင်းပေးပို့သည့် ၀န်ဆောင်မှုကို စတင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ အသုံးပြုလိုသူများသည် Twitters Alertsတွင် ၀င်၍ Sign Up လုပ်ရန်လိုပြီး Twitterက လက်ခံလျှင် Alert ဆိုသည့် အမှတ်အသားပေါ်လာမည် ဖြစ်သည်ဟု သိရသည်။
Twitter အနေဖြင့် ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းများထဲမှရသော သဘာ၀ဘေးအန္တရာယ် သတိပေးချက်များ၊ အရေးပေါ်အခြေအနေများကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး Sign Up လုပ်ထားသည့်သူတိုင်း၏ ဖုန်းများဆီသို့ သတင်းများကို မပြတ်ပို့ပေးနေမည်ဟု ကုမ္ပဏီ ၀န်ဆောင်မှုဌာနက ဆိုသည်။ ဤအစီအစဉ်သစ်အတွက် ဆက်သွယ်လာသော အဖွဲ့အစည်းဌာနပေါင်း ၆၀ကျော်ရှိပြီဖြစ်ကာ လူ၀ီစီယားနား၊ ဖလော်ရီဒါ၊ နယူးယောက်နှင့် ကော်လိုရာဒို အရေးပေါ် စီမံခန့်ခွဲရေးဌာနများက Sign Up လာလုပ်သွားပြီ ဖြစ်ကြောင်း၊ ထို့အပြင် အမေရိကန် ကြက်ခြေနီအဖွဲ့၊ ကုလသမဂ္ဂ WHO အဖွဲ့နှင့် တိုကျိုမက်ထရိုပိုလီတန် ရဲတပ်ဖွဲ့တို့ကလည်း Sign Up လုပ်ထားကြောင်း၊ Twitterက ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ဘော့စ်ထွန်မာရသွန်ပွဲ ဗုံးပေါက်ခွဲမှုနှင့် ဆင်ဒီမုန်တိုင်း သဘာ၀ဘေးဒဏ်များ ခံရပြီးချိန်က စတင်ကာ Twitter အနေနှင့် အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူများသို့ သတိပေးချက်များ အချိန်မီ ထုတ်ပြန်ရန်လိုအပ်သောကြောင့် ယခု၀န်ဆောင်မှုကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။
Ref-Myanmar ICT
Post a Comment