0

ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးများကို ဇန်န၀ါရီလ ၉ ရက် နေ့တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦး ကတိသစ္စာပြုခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့ပြင် မေးခွန်းများ အနေဖြင့်
၁။ တမူးမြို့နယ်နှင့် ဆက်သွယ်သည့် အောင်ဇေယျလမ်းအား ၁၂ ရာသီ သွားလာ နိုင်သော ကျောက်ချောလမ်းအဖြစ် ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်း၊
၂။ တမူးမြို့ပေါ်ရှိ ခင်းထားသော ကတ္တရာလမ်းများအား နိုင်ငံတော်အထောက်အပံ့နှင့် ကတ္တရာထပ်ပိုးလွှာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း
၃။ ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်း စီမံကိန်းအား မည်သည့်အချိန်တွင် ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်နှင့် စီမံကာလအတွင်း မြို့တွင်း ဖြတ်သန်းသွားလာနေသော ကုန်တင်ယာဉ်ကြီးများ၏ အရွယ်အစားနှင့်ဝန်အား ကန့်သတ်စိစစ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊
၎။ အောင်ပန်း-ပင်လောင်း-လွိုင်ကော် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ မိုင်တိုင် အမှတ် ၄၀။ဝ မှ ၄၁။ ၃ရှိ ကားလမ်းမကို ယာဉ်အန္တရာယ်နှင့် ခရီးသွားလုပ်သားပြည်သူ အန္တရာယ်ကင်းဝေးစေရေး ချဲ့ထွင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ စသည့် မေးခွန်းများကို မေးမြန်းခဲ့ကြပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့သော သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီမှ အစီအရင်ခံစာ တင်သွင်း ခဲ့သည်။ ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကိုလည်း တင်သွင်းခဲ့ပါသည်။
အလားတူ ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ယခင်ကျန်ရှိခဲ့သည့် ဥပဒေကြမ်း ၃၈ ခု၊ အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့် အစိုးရ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို အဓိကထား ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

Post a Comment

 
Top