0
မြန်မာ့ဆက်သွယ်ရေး ဈေးကွက်မြှင့်တင်ရန် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် Myanmar Connect 2013 ထိပ်သီးဆွေးနွေးပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲ ကျင်းပမည့် Capacity Media ထံမှသိရသည်။

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်နှင့် နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းများကို ချိတ်ဆက်ပေးမည့် Myanmar Connect 2013 ထိပ်သီးဆွေးနွေးပွဲကြီးကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် လန်ဒန်မှ Capacity Media တို့ပူးပေါင်း ကျင်းပသွားမည် ဖြစ်သည်။
ယင်းဆွေးနွေးပွဲသည် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ကိုင်ခွင့် ရရှိထားသည့် MICT မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT), Yatarnapon Teleport Company, Ooredoo Myanmarနှင့် Telenor Myanmar တို့ကို ကမ္ဘာ့စီးပွားရေး စင်မြင့်ထက်တွင် နိုင်ငံတကာနှင့် ပေါင်းစည်းပေးသည့် ပထမဆုံး အခမ်းအနား တစ်ခုဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ဆိုသည်။
“ဒီလိုမျိုး စွမ်းဆောင်ရည် ဆွေးနွေးပွဲတွေက ကမ္ဘာကြီးနဲ့ အရင်က အဆက်ပြတ်နေတဲ့ ဈေးကွက်ကြီးတစ်ခုကို လှမ်းကြည့်ခွင့်ရတဲ့ ပြတင်းပေါက်ပါပဲ” ဟု Capacity Media ၏ အမှုဆောင်အရာရှိချုပ် Mr. Ros Irving က ပြောကြားသည်။
တိုးတက်မြင့်မားသည့် ဆက်သွယ်ရေး နည်းလမ်းများသည် ပြည်သူများ အတွက် ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ရေး ကဏ္ဍများတွင် ပိုမိုကောင်းမွန် လွယ်ကူစေရန် ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းကဆိုသည်။
ယခုဆွေးနွေးပွဲသည် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပေးနိုင်ပြီး စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များတွင် တိုက်ရိုက် အကျိုးသက်ရောက်မှုများရှိကာ အကျိုးကျေးဇူး များကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ အခမ်းအနားသို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း အပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီကွန်၊ တယ်လီနောမြန်မာ၊ အော်ရီဒူးမြန်မာတို့မှ တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်သည်။
ထို့အပြင် Hutchinson Global Communication, ORANGE, Ericsson, True, Deloitte, Redlink, Fortune, CAT Telecom, NTT Communication, VMG Telecoms နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အစရှိသော အဖွဲ့အစည်းများကလည်း တက်ရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ သိရသည်။


Ref & Credit: The Voice Weekly

Post a Comment

 
Top