မြေထိန်းနံရံတည်ဆောက်ရန် ပြင်ဆင်နေမှုအား တွေ့ရစဉ်
နိုင်ငံတော်သမ္မတ၏ ပထမဆုံးနှင့် အမြင့်ဆုံး ခွင့်ပြုခဲ့သည့် ကိုယ်ပိုင်မြေနေရာတွင် ၂၇ ထပ် အမြင့်ရှိသော Business Centre ဆောက်လုပ်မည့် ကုမ္ပဏီမှာ နိုင်ငံတော်သမ္မတထံ ပြန်လည်တိုင်ကြား ခံထားရကြောင်း သတင်းရရှိပါသည်။
Daimond Valley Rises-Business Centre အမည်ဖြင့် ၂၇ ထပ် အမြင့်ရှိ စီးပွားရေးဆိုင်ရာ အဆောက်အအုံကို အေးမိသားစု ကုမ္ပဏီလီမိတက်မှ တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ ကုက္ကိုင်းရှိ ခြံအမှတ် ၉၂(A, C, D)တွင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အဆောက်အအုံ တည်ဆောက်ရန်အတွက် အကြိုပြင်ဆင်မှု အနေဖြင့် မြေထိန်းနံရံ တည်ဆောက်ရန်အတွက် ပြင်ဆင်ရာတွင် ဘေးခြံ၏ မြေအား အောက်ခြေမှ နှိုက်ခြင်းကြောင့် တံတိုင်းများ ပြိုကျခြင်း၊ အိမ်တွင် အက်ကွဲကြောင်းအချို့ ဖြစ်ပေါ်ခြင်းများကြောင့် အိမ်ရှင်မှ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခြင်း၊ စည်ပင်သို့ ကန့်ကွက်တိုင်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း တိုင်ကြားသူ ဦးမျိုးအောင်ထံမှ သိရသည်။ မြေထိန်းနံရံ တည်ဆောက်ရာတွင်မူ စည်ပင်ခွင့်ပြုချက် မရရှိမီ တည်ဆောက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဖြစ်စဉ်မှာ ယန္တရားဖြင့် မြေကျော်တူးမှုကြောင့် အိမ်ထိခိုက်သည့်အပေါ် ဘေးခြံမှ မေ ၁၆ ရက်တွင် စည်ပင်သို့ တိုင်ကြားရာ စည်ပင်မှ တားမြစ်ခဲ့ကြောင်း၊ အဆိုပါ မေ ၁၆ ရက်တွင်ပင် စည်ပင်မှ ကွင်းဆင်းစစ်ဆေးကာ ဘေးခြံရှိ တိုက်သစ်မှာ လတ်တလော လူနေထိုင်ရန် မသင့်သဖြင့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ သို့သော် ရပ်ဆိုင်းခြင်းမရှိဘဲ တစ်ဖက်ခြံမှ ဆက်လက် လုပ်ကိုင်သည့်အတွက် မေလ ၁၈ ရက်နေ့တွင် စည်ပင်မှ ဒုတိယအကြိမ် ထပ်မံတားမြစ်ခဲ့ကြောင်း၊ သို့သော်ရပ်ဆိုင်းခြင်း မရှိဘဲ ဘေးခြံမှမြေအား လိုဏ်ခေါင်းတူးသကဲ့သို့ ယန္တရားဖြင့် ဆက်လက်တူးရာ မေ ၂၃ ရက်ညတွင် ဘေးခြံမှ တံတိုင်းအချို့ ပြိုကျခဲ့ကြောင်း သိရသည်။
ထိခိုက်ခံရသူ ခြံပိုင်ရှင် ဦးမျိုးအောင်က ''ကျွန်တော့် အုတ်တံတိုင်း အောက်ခြေကမြေကို လိုဏ်ခေါင်းတူးသလို တူးတယ်။ အခု တံတိုင်း ပြိုကျသွားသလို အိမ်မှာလည်း အက်ကြောင်းတချို့ ပေါ်လာတယ်။ စည်ပင်ကတောင် မနေနဲ့ အန္တရာယ်ရှိတယ်ဆိုပြီး အိမ်ပြောင်းခိုင်းတယ်။ ခွင့်ပြုချက်လည်း ဘာမှ မရှိဘူးဆိုတော့ လုပ်ငန်းရပ်ပေးသင့်တာပေါ့။ အခုက ဆက်လုပ်တော့ ကျွန်တော်လည်း စည်ပင်တင် မကဘူး ရဲစခန်းမှာပါ အမှုဖွင့်ထားတယ်။ နောက်နိုင်ငံတော် သမ္မတ ဆီကိုပါ တားမြစ်ပေးဖို့ အသနားခံစာ တင်ထားတယ်'' ဟု ပြောပြခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ''နိုင်ငံတော်သမ္မတကတော့ မူအရပဲ ခွင့်ပြုတာပါ။ လုပ်ထုံးလုပ်နည်း အရတော့ စည်ပင်မှာ ခွင့်ပြုချက်ယူရမှာပါ။ ဒါပေမဲ့ အဲဒီအဆောက်အအုံက အခု (မေ ၃၁ ရက်) အထိတော့ စည်ပင်က ဆောက်လုပ်ခွင့် မရသေးဘူး'' ဟု ပြောကြားခဲ့သည်။
ယင်းသို့ မြေထိန်းနံရံ ဆောက်လုပ်မှုမှာ ခွင့်ပြုချက် မတင်ဘဲ ဆောက်လုပ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း အေးမိသားစု ကုမ္ပဏီလုပ်ငန်းရှင် ဦးအေးမြင့်ဦးက ပြောကြားခဲ့ပြီး မေ ၂၁ ရက်မှသာ စည်ပင်သို့ ဆောက်လုပ်ခွင့် တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စည်ပင်ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေ တစ်သိန်း ပေးဆောင်ခဲ့ရကြောင်း၊ ယခုအခါ စည်ပင်မှ ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်နေကြောင်း၊ တစ်ဖက်အိမ်တွင် ပျက်စီးမှုများအပေါ် တာဝန်ယူ ပြန်လည် လုပ်ဆောင်ပေးရန် ရှိကြောင်း ပြောကြားခဲ့သည်။
Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.