0
ဇေကမ္ဘာ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာခင်ရွှေကို မြေကွက်လိမ်လည်ရောင်းချသည်ဟု စွပ်စွဲကာ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် မေ ၂၈ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့စခန်း၏ မှုခင်းမှတ်တမ်းတွင် ပါရှိသည်။

မဇ္ဈိမက ရရှိထားသည့် ရဲမှတ်တမ်းမိတ္တူ တွင် ''ဧရိယာ စုစုပေါင်း ၃.၃၇ ဧကရှိ မြေကွက်သုံးကွက်ကို
ဒေါက်တာခင်ရွှေ (အသက်၊ စိစစ်ဆဲ) အုပ်ချုပ်မှု ဒါရိုက်တာ (ဇေကမ္ဘာကုမ္ပဏီ)၊ ဘ-စိစစ်ဆဲ'' ဟု ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။


လိမ်လည်သည်ဟုစွပ်စွဲကာ အမှုဖွင့်ထားသူမှာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင်နေထိုင်သူ ဦးဝင်းစိန်ဖြစ်သည်ဟု ရဲမှတ်တမ်းတွင်တွေ့ရသည်။ အဆိုပါ စွပ်စွဲမှုနှင့်ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ရွှေနှင့် ဦးဝင်းစိန်တို့အား အတည်ပြုချက်ရယူနိုင်ရန်နှင့် နှစ်ဖက်အမြင်များကို တင်ပြနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့ရာ မရခဲ့ပေ။

မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံဥယျာဉ်မြို့တော်စီမံကိန်းနှင့် ဆက်စပ်လျက်ရှိသော ရန်ကုန်စက်မှုဇုန် စီမံကိန်းမှ စုစုပေါင်းခုနစ် ဧကကျော်ကျယ်ဝန်းသည့် မြေကွက်သုံးကွက်ကို ကျပ်သိန်း ၈၈ဝ ကျော်ဖြင့် ဒေါက်တာခင်ရွှေက ၎င်းထံရောင်းချခဲ့ကြောင်း ဦးဝင်းစိန်က ရဲထံထွက်ဆိုထားသည်။ ထိုသို့ရောင်းချပြီးနောက် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ငွေကျပ်သိန်း ၂ဝဝ ကို စာချုပ်နှင့်တကွ ပေးချေခဲ့သလို ယင်းနှစ် စက်တင်ဘာ ၉ ရက်တွင် ကျန်ရှိသည့်ငွေကို အပြီးသတ်ပေးချေခဲ့သည်ဟု ဦးဝင်းစိန်က ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းတွင်
ဖြော်ပြထားသည်။

ဝယ်ယူထားသော အဆိုပါမြေကွက်များကို ခြံစည်းရိုးခတ်ခြင်း၊ သံပန်းသံတံခါးဖြင့် ကာရံခြင်းများ လုပ်ဆောင်ထားပြီးဖြစ်သဖြင့် ဒေါက်တာခင်ရွှေ့ထံမှ နှစ် ၆ဝ ဂရန် လွှဲပြောင်းပေးရန် ဦးဝင်းစိန်က
တောင်းခံရာတွင် ဒေါက်တာခင်ရွှေက အမြန်ဆုံးပေးမည်ဟု ယုံကြည်အောင်ပြောဆိုခဲ့သည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရဲကမှတ်တမ်းတင်ထားသည်။

သို့သော် မြေကွက်သုံးကွက်အနက် စုစုပေါင်း နှစ်ဧကကျော်ကျယ်သည့် မြေနှစ်ကွက်ကို ရောင်းချခွင့်ရှိကြောင်း
ပြောဆိုလျက် ယခုနှစ် ဧပြီ ၈ ရက်နှင့် ဧပြီ ၂၇ ရက်တို့တွင် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုပြီး အခြားသူတစ်ဦးထံမှ ဒေါက်တာခင်ရွှေက စရံငွေများယူထားသည်ဟု ဦးဝင်းစိန်၏ စွပ်စွဲထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းမြေကွက်များကို ဝယ်ယူရန် စရံပေးချေထားသူ၏ ရှေ့နေက မြေကွက်များနှင့်ပတ်သက်၍ ကန့်ကွက်နိုင်ကြောင်း ယခုလ ၁၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှတစ်ဆင့် ကြေညာခဲ့သည်ဟုလည်း ဦးဝင်းစိန်က ရဲကိုထွက်ဆိုထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဒေါက်တာခင်ရွှေကို ယုံကြည်မှုအလွဲသုံးစားလုပ်သည်ဟု ဦးဝင်းစိန်က စွပ်စွဲကာ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် တိုင်ကြားထားကာ ရဲစခန်းကလည်း အမှုအမှတ်(ပ)၂၉၈/၁၃ ဖြင့် အမှုလက်ခံ ထားပြီး ပုဒ်မ ၄၂ဝ ဖြင့် တရားစွဲရန် ရဲက ဆက်လက်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top