0

နေပြည်တော်၊ အောက်တိုဘာ(၄)ရက်

မီဒီယာများတွင် ရေးသား ဖော်ပြခဲ့သည့် နိုင်ငံခြားဘဏ်တွင် ငွေစားရင်း ငါးခုဖြင့် ကန်ဒေါ်လာ၁၁ဘီလီယံ စာရင်းဖွင့်ထားမှုနှင့် ပတ်သက်၍ မသိကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌက ပြည်ထောင်စု လွှတ်တော်တွင် ငြင်းဆိုလိုက်သည်။

“ဗဟိုဘဏ်ရယ်၊ နိုင်ငံတော်ပိုင်တဲ့ ဘဏ်တွေ ရှိပါတယ် MFTB၊ MICB ၊MEB တို့ပုဂ္ဂလိက ဘဏ်တွေကိုလဲ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ပေးထားတဲ့ အတွက်ကြောင့် သူတို့မှာ လဲနိုင်ငံခြား ငွေစားရင်းတွေ ဖွင့်ထားပါတယ်၊ အဲဒါတွေ စုစုပေါင်း ဟာ ၁၀၊၉၊၂၀၁၃ရက်နေ့မှာ ရှိတဲ့ နိုင်ငံခြားငွေ စုစုပေါင်း (၇ဒဿမ၆)ဘီလီယံဆိုတာ အနီးစပ်ဆုံး ယူထားတဲ့ စားရင်းပါ။ ဗဟိုဘဏ်၊နိုင်ငံတော်ပိုင်ဘဏ်တွေ နဲ့ ပုဂ္ဂလိက ဘဏ်တွေ က လုပ်ငန်းအရ ဆက်သွယ်အသုံးပြုနေတဲ့ စာရင်းအရ (၇ဒဿမ၆)ဘီလီယံ ဖြစ်ပါတယ်။(၁၁ ဘီလီယံ )ဆိုတဲ့ ဟာကိုမသိပါဘူး ဆက်စပ်မှု မရှိပါဘူး၊”ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်က လွှတ်တော်၌ ပြောသည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန်က လည်း မီဒီယာများတွင် သတင်းရေးသားခဲ့သည့် ဒေါ်လာ၁၁ဘီလီယံ နိုင်ငံခြားဘဏ်တွင် ငွေစားရင်းငါးခုဖြင့် စားရင်းဖွင့်ထားမှုကြောင့် ကမ္ဘာ့ ဘဏ်က မြန်မာနိုင်ငံကို ကြွေးလျှော်မပေးခြင်း ဆိုသည်မှာလည်း မမှန်ကန်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

မြန်မာနိုင်ငံ၏ အခြေအနေမှာ ကမ္ဘာဘဏ်၏ သတ်မှတ်ချက်အရ ကြွေးနွံ့ နှစ်နေသော နိုင်ငံများအဆင့်တွင် ပါဝင်မှုမရှိခြင်းကြောင့်ကမ္ဘာဘဏ်က ပေးသည် Heavily Indebted Poor Country Initiative
အထူး သက်သာတဲ့နည်းလမ်း များနှင့် ကြွေးလျှော်နိုင်သည့် အခွင့်အရေး မရရှိကြောင်း ပြည်ထောင်စုဝန်ကြီး ကဆက်လက်ရှင်းပြသည်။

ကမ္ဘာ့ ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့ မှာ ယင်းတို့၏ အဖွဲ့အစည်း စည်းမျဉ်းအရ မည်သည့် နိုင်ငံကို မျှ ကြွေးလျှော်ပေးသည့် အစဉ်အလာမရှိကြောင်း ၊၂၀၁၂ ခုနှစ်ဇူလှိုင်လ ၁၂ရက်နေ့မှာ ကမ္ဘာ့ ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့သည် အကူအညီပြန်လည် ပေးအပ်နိုင်ရန်မြန်မာနိုင်ငံက ပြန်လည် ပေးအပ်ရန်ကျန်သည့် ကြွေးမှီများကို စားရင်းရှင်ရန်လိုအပ်ကြောင်း စားရင်းရှင်းလင်းနိုင်သည့် နည်းလမ်း(၄)မျိုး ၏ အားသားချက်အားနည်းချက်များဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။

ယနေ့နေပြည်တော်တွင်ကျင်းပနေသော ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် အဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပုသိမ်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်က မီဒီယာများတွင် သတင်းရေးသားခဲ့သည့် ဒေါ်လာ၁၁ဘီလီယံ နိုင်ငံခြားဘဏ်တွင် ငွေစားရင်းငါးခုဖြင့် စားရင်းဖွင့်ထားမှုနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က လွှတ်တော်တွင်လာရောက် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့လာရောက်ရှင်းလင်း တင်ပြမှုကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ကြောင်း နာယကကပြောသည်။

စိုင်းနောင်

Popular Myanmar News Journal

Post a Comment

 
Top