0

ကျွန်မတို့အားလုံး အသက်ရှင်သန်ရေးအတွက် သန့်ရှင်းသော လေနှင့် ရေတို့ မရှိမဖြစ် လိုအပ်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ကျွန်မတို့အားလုံး စားသုံးသော အစားအစာများကို မြေပေါ်တွင် စိုက်ပျိုးမွေးမြူရသလို ရေအောက်မှာလည်း ဖမ်းယူရပါသည်။ ချည်ထည်၊ ပိုးထည်၊ သားရေနှင့် သိုးမွေး စသည့် အ၀တ်အထည်များကို အပင်များနှင့် တိရိစ္ဆာန်များမှ ရရှိပါသည်။


ဒါ့အပြင် အုတ်၊ ကျောက်၊ သဲ၊ သစ်၊ ၀ါး၊ ဘိလပ်မြေ၊ သံထည် စသည့် အိမ်ဆောက်ပစ္စည်းများကိုလည်း မြေကြီးနှင့် သစ်တောများမှ ရရှိပါသည်။ ကျွန်မတို့အားလုံး အသက်မွေး၀မ်း ကျောင်းအတွက် အဓိက မြေပြင်နှင့် ရေပြင်ကို အားထားရပါသည်။ မြို့နေလူထုသည်လည်း သဘာဝကို မှီခိုရပါသည်။ ယခုနောက်ပိုင်း လူနေထူထပ်မှုသည် အဆမတန် များပြားလာသဖြင့် မြို့များ၊ နယ်များ၊ တောရွာ များမှာပါ အိမ်ခြေများ များပြားလာပေသည်။ မော်တော်ယာဉ်များ မောင်းနှင်ရန်အတွက် ရုပ်ကြွင်းလောင်စာ များကို အသုံးပြုရသလို စား၀တ်နေရေးအတွက် အိမ်နှင့် ရုံးခန်းများအတွက်ပါ လိုအပ်သော စွမ်းအင်များကို ကျောက်မီးသွေးများ မီးရှို့ခြင်းဖြင့်လည်းကောင်း၊ ဆည်များ၊ တာတမံများအတွင်းသို့ လှောင်ထားသော ရေများ စီးဆင်းစေခြင်းဖြင့် ရရှိနိုင်ပါသည်။ ဒါ့အပြင် လူသုံးဆေးဝါးများသည်လည်း အပင်များ၊ အမြစ်များမှတစ်ဆင့် တိုက်ရိုက်ထုတ်လုပ်ထားကြပါသေးသည်။ ထို့နောက် စက်ရုံများစွာတို့မှာလည်း သဘာ၀ကုန်ကြမ်းများကို အသုံးပြုလျက် ကုန်ချောများ ထုတ်လုပ်နေကြခြင်းပင် ဖြစ်ပါသည်။

သဘာ၀ပတ်၀န်းကျင်သည် ကျွန်မတို့ ကျန်းမာရေးအတွက် အလွန်တရာ အရေးကြီးလှပါသည်။ လေထု၊ ရေထုနှင့် အစားအစာများ အဆိပ်သင့်နေလျှင် ကျွန်မတို့ ကျန်းမာရေး ချို့ယွင်းလာပြီး အလုပ် ပျက်ကွက်မည်။ အလုပ်မလုပ်နိုင်ပါက တစ်ဦးတစ်ယောက်ချင်းစီ၏ ၀င်ငွေများသည်လည်း လျော့ကျလာမည့် အပြင် ကျန်းမာရေး မကောင်းခြင်းကြောင့် ဆေးကုသစရိတ်သည်လည်း ပိုမိုတိုးမြှင့်ကုန်ကျမည်မှာ ဧကန် အမှန်ပင် ဖြစ်ပေသည်။ သဘာ၀ပတ်၀န်းကျင် ညစ်ညမ်းမှုကြောင့် အသက်ပေါင်းများစွာ နေ့စဉ်နှင့်အမျှ ဆုံးရှုံးနေကြရပါသည်။

သဘာ၀ပတ်၀န်းကျင်သည် လူသားများအတွက် ဘ၀တွင် အရည်အသွေးမြင့်မားရေး အတွက် အဓိကအခန်းကဏ္ဍမှ ပါ၀င်လျက် ရှိပါသည်။ တောင်တန်းများ၊ သစ်ပင်များ၊ ရေတွင်းရေကန်များ၊ မြစ်များ၊ ချောင်းများ၊ ရင်ပြင်များနှင့် လေ့ကျင့်ခန်းများပြုလုပ်ရန် သန့်ရှင်းလတ်ဆတ်သော စိမ်းလန်းစိုပြည်ပြီး အေးချမ်းဆိတ်ငြိမ်သော နေရာလေးများ အထူးလိုအပ်လှပါသည်။
မြို့များသည် တောရွာများထက် သဘာ၀ပတ်၀န်းကျင်ကို ညစ်ညမ်းစေသော ဓာတ်သတ္တုများ အများအပြား ထုတ်လွှတ်ရာ နေရာဖြစ်ပြီး လူအများအပြားသည် နေ့စဉ်နှင့်အမျှ သဘာ၀လေထက် ညစ်ညမ်းသော၊ ဘေးထွက်ဆိုးကျိုးများသော လေများကိုသာ ရှူရှိုက်နေရပါသည်။ နိုင်ငံတစ်၀ှမ်း ဖွံ့ဖြိုး တိုးတက်မှု လျှင်မြန်လာသည်နှင့်အမျှ သဘာ၀အရင်းအမြစ်များ လျော့ပါးလာသကဲ့သို့ မြစ်များ၊ ရေကန်များ၊ သစ်တောများနှင့် မြေယာပျက်စီးမှုများ ဖြစ်ပေါ်လာစေပါသည်။

ဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ်အကိုင်သစ်များ ပေါ်ထွက်လာပြီး ခေတ်မီ စာသင်ကျောင်းများ၊ မြန်ဆန်လွယ်ကူသော လမ်းပန်းဆက်သွယ်မှုများ၊ သန့်ရှင်းသော ရေပေးေ၀ရေးစနစ်များ၊ ကျန်းမာရေးနှင့် ညီညွတ်သော သန့်ရှင်းရေးစနစ်များ နေရာအနှံ့အပြားမှ ပေါ်ထွန်းလာသဖြင့် ကောင်းကျိုးများ ခံစားရပါသည်။ သို့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မော်တော်ယာဉ်များ စက်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ စက်မှုကုန်ထုတ်လုပ်ငန်းများ အများအပြား ပေါ်ပေါက်လာသကဲ့သို့ ထိုအကျိုးဆက်များကြောင့် ပတ်၀န်းကျင်ညစ်ညမ်းမှုများတိုးပွားလာပြီး လူဦးရေထူထပ် များပြားလာမှုကြောင့် အိမ်များနှင့် ပရိဘောဂများအတွက် သစ်သားလိုအပ်မှုသည်လည်း အဆမတန် မြင့်တက်လာကာ စွမ်းအင်များလည်း ပိုမိုလိုအပ်လာပါသည်။

မြို့ပြအိမ်ရာများ တိုးချဲ့လာခြင်းကြောင့် သဘာ၀ရွံ့၊ ညွှန်တောများနှင့် သဘာ၀အပင်များနှင့် သတ္တဝါမျိုးများ နေထိုင်ပေါက်ဖွားရာနေရာများ ပျက်စီးလျော့နည်းလာပါသည်။ လူအများစားသုံးမှုမှ အမှိုက် သရိုက်များ ပိုမိုများပြားလာပါသည်။ သို့အတွက် စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရန် လိုအပ်လာပါသည်။ နောင်အနာဂတ်မျိုးဆက်သစ်များအတွက် သဘာ၀အရင်းအမြစ်များ လုံလုံလောက်လောက် ထားရှိနိုင်ပြီး လက်ရှိသဘာ၀ ပတ်၀န်းကျင်ကို ပျက်စီးမှု လျော့နည်းအောင် ၀ိုင်း၀န်းလုပ်ဆောင်စေချင်ပါသည်။ကျွန်မတို့ ကမ္ဘာမြေကြီးသည်လည်း လူဦးရေးတိုးပွား များပြားလာမှုကြောင့် သစ်တောများကို စိုက်ခင်းများအဖြစ် နုတ်ထွင်ပြောင်းလဲမှုများလာသည့်အပြင် စိုက်ခင်းများတွင်လည်း အထွက်နှုန်းတိုးရန်အတွက် ဓာတ် မြေသြဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှုများ မြင့်တက်လာကာ သက်ရှိများ အဆိပ်သင့်ခြင်း၊ ရေထုနှင့် မြေထု အရည် အသွေးများ ပျက်စီးယုတ်လျော့လာခြင်းများ ဖြစ်ပေါ်လာစေပါသည်။

နိုင်ငံတစ်၀ှမ်း လူသားတိုင်းကိုယ်စီ သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းကြမည်ဆိုလျှင် သဘာ၀ ဘေးအန္တရာယ်များကို အနည်းနှင့်အများအလိုက် ကာကွယ်တားဆီးနိုင်ပေမည်။ နှစ်စဉ်နှစ်တိုင်း ကနေဒါနိုင်ငံ တစ်ဝှမ်းမှာ ဧပရယ်လ ၂၂ ရက်နေ့ရောက်တိုင်း သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် ဆောင်ရွက် သည်ကို သိရှိရသလို နိုင်ငံတိုင်းမှာလည်း ယခုလိုမျိုးနေ့အဖြစ် သတ်မှတ်ကြပြီး လူတိုင်းကိုယ်စီ ဆောင်ရွက် သွားကြလျှင်ဖြင့် လူသားတိုင်းအတွက် ပိုမိုအကျိုးထူးကို ခံစားရမည် ဖြစ်ပေသည်။

သစ်တောများကို ထိန်းသိမ်းခြင်းဖြင့်လည်း သဘာ၀ပတ်၀န်းကျင်ကို ဂရုစိုက်သင့်ပါသည်။ သစ်ပင်အများအပြားကို ခုတ်လှဲပါက သစ်တောများ ပြုန်းတီးမှုများဖြစ်မည့်အပြင် သစ်ပင်များသည် မိုးသည်းထန်စွာ ရွာသောအခါ ရေအမြောက်အမြားကို စုပ်ယူမထိန်းသိမ်းထားနိုင်တော့သဖြင့် အနီးရှိ ရွာများ၊ မြို့များ၊ ဒေသများတွင် ရေလျှံမှုများ၊ တောင်ပြိုမှုများ ဖြစ်ပေါ်စေပါသည်။ ဒီရေသစ်တောများကို ထင်းအဖြစ် အသုံးပြုခြင်းသော် လည်းကောင်း၊ ရေငန်ပုစွန်များ မွေးမြူရန် နေရာအတွက် ဖြစ်စေ အလွန့်အကျွံခုတ်လှဲပါက ဆိုက်ကလုန်းနှင့် အခြားမုန်တိုင်းများကို ကာကွယ်ပေးနိုင်ဖို့ အခွင့်အလမ်းများ အလွန်တရာမှ နည်းပါးသွားပြီး လူသားတို့အတွက် သဘာ၀ဘေးအန္တရာယ်များကို လက်ယပ်ခေါ်သလို ဖြစ်လာပေမည်။ သဘာ၀ဘေးအန္တရာယ်ကို သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းခြင်းဖြင့် ကာကွယ်တားဆီးနိုင်ပေသည်။ ကျွန်မတို့သည်လည်း တစ်ဖက်တစ်လမ်းမှ သဘာ၀ပတ်၀န်းကျင်ကို ဆောင်ရွက်ကြမည်ဆိုလျှင်ဖြင့် ဖြစ်ပေါ်လာမည့် သဘာ၀ဘေးအန္တရာယ်များကို တွန်းလိုက်နိုင်မည် ဖြစ်ပါသည်။

ကျွန်မတို့ လုပ်ဆောင်နိုင်မည့်အရာများက လူတိုင်း လူတိုင်း ကိုယ့်မြို့၊ ကိုယ့်ဒေသများတွင် အပင်များ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ မလိုအပ်ပဲ သစ်ပင်ကြီးများကို ခုတ်လှဲခွင့်မပြုခြင်းဖြင့်လည်းကောင်း၊ (အန္တရာယ်ရှိ အပင်များကို မဆိုလိုပါ။) လမ်းများ၊ အိမ်များ၊ ကျောင်းများ၊ လုပ်ငန်းခွင်များတွင် အမှိုက်သရိုက်များ၊ ကွမ်းတံတွေးများ၊ စည်းမဲ့ကမ်းမဲ့ ဆေးလိပ်သောက်ပြီး စွန့်ပစ်ခြင်းများကို ရှောင်ရှား၍ လည်းကောင်း၊ ထို့နောက် မြို့တော်အင်္ဂါရပ်နှင့် လျော်ညီစွာ အမှိုက်ပံ့းများကို အစားအသောက် စွန့်ပစ်ရန်တို့တွင် ထားရှိပေးသော နေရာများတွင်သာ စည်းကမ်းတကျ စွန့်ပစ်ကြရန် လိုအပ်သည့်အပြင် ယခုအခါ လမ်းများ ပြုပြင်မွမ်းမံနေစဉ်အတွင်း ဖြတ်သွားဖြတ်လာပြုသူများအနေဖြင့် ကွမ်း တဗြစ်ဗြစ်ထွေးခြင်း များကိုလည်း မပြုလုပ်ကြရန် လိုအပ်လှပါသည်။

ဒါ့အပြင် မြို့ရွာအလိုက် လျှပ်စစ်မီးများ ဖြန့်ဝေပြီးသောနေရာ များတွင် လျှပ်စစ်မီးများကို အသုံးမပြုသောအချိန်များတွင် သေသေချာချာ ပိတ်သင့်ပေသည်။ ဒါမှသာ မီးဘေးအန္တရာယ်များ ကျရောက်မည့်ဘေးမှ ကင်းစင်မည့်အပြင် မလိုလားအပ်သော ကုန်ကျစရိတ်များလည်း သက်သာပါမည်။ နောက်တစ်ချက်ကတော့ သတိမမူ ဂူမမြင်ဆိုသလို အသုံးပြုပြီးသော ရေဘုံဘိုင်ခေါင်းများကိုလည်း သေချာ ကျနစွာ ပိတ်ဖို့ မေ့လျော့တတ်ကြပါသည်။ အရေးကြီးဆုံးနှင့် လူတိုင်း ဆောင်ရွက်ရမည့်အရာများကတော့ လူအများ အသုံးပြုရန်အတွက် ရထားများ၊ ယာဉ်ကားလိုင်းများ စီစဉ်ထားရှိခြင်းကြောင့် လူအများသည် ယာဉ်ကြောပိတ်ဆို့များမှ ကင်းေ၀စေရန်အတွက် တတ်နိုင်သမျှ ကိုယ်ပိုင်ကားများကို အသုံးမပြုဘဲ ရထားဖြင့် ဖြစ်စေ၊ အများပြည်သူစီး ယာဉ်လိုင်းများဖြင့် ဖြစ်စေ သွားရောက်ခြင်းကြောင့် ကားလမ်း ပိတ်ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခမှ ကင်းဝေးကြမည် ဖြစ်ပေသည်။ ဟိုတစ်လောက စာစောင်များတွင် ကိုယ်ပိုင်ယာဉ်များ မသုံးစွဲရနေ့အဖြစ် သတ်မှတ်တာကို ဖတ်ရှုမိပြီး အလွန်တရာမှ ၀မ်းသာနေမိတုန်း အစီအစဉ်ပျက်သွားသည့် သတင်းကို ထပ်မံဖတ်ရှုလိုက်ရပါသည်။ ဒီလို့ နေ့မျိုးများကို သတ်မှတ်ပေးသည့်လို့ ကျွန်မ မြင်မိပါသည်။ နေ့စဉ် အလုပ်သွား အလုပ်ပြန် လက်လုပ်လက်စား ဘ၀များသည် ကားကြပ်သောဒဏ်၊ ယာဉ်ကြောပိတ်ဆို့သော ဒဏ်များကို နေ့စဉ် ခံစားနေရပါသည်။

အစိုးရနှင့် စီးပွားရေးလုပ်ငန်းများသည် သဘာ၀ပတ်၀န်းကျင် ညစ်ညမ်းမှု နည်းပါးသည့် နည်းပညာများ၊ စွမ်းအင်းသုံးစွဲမှု သက်သာသော ထုတ်လုပ်မှု လုပ်ငန်းများကို ရွေးချယ်လျက် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် သဘာ၀ ပတ်၀န်းကျင် ပြဿနာများကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအားဖြင့် ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် တိုင်းပြည်များနှင့် ၎င်းတို့၏ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အိမ်ကောင်းများတွင် နေထိုင်ရခြင်း၊ တောရွာများမှ မြို့သစ်များ၊ ရပ်ကွက်များ ဖြစ်ပေါ်လာခြင်းများနှင့် မော်တော်ကားများ လူတိုင်း စီးနင်းနိုင်ရယုံမျှသာမက သန့်ရှင်းကောင်းမွန်သော သဘာ၀ ပတ်၀န်းကျင်ကိုပါ လူသားတိုင်း ရရှိလာနိုင်ကြမည်မှာ မုချဧကန် အမှန်ပင် ဖြစ်လာမည်ဟု ထင်မြင်ယူဆရင်း လူသားတိုင်း သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းကြစေဖို့ တိုက်တွန်းရေးသားလိုက်ရပါတော့သည်။


Ref-Myanmar iCT

Post a Comment

 
Top