0
ကမ္ဘာ့စီးပွားရေးဖိုရမ် သို့မဟုတ် မြန်မာ့စီးပွားရေးအတွက် တွန်းအား
                      ===========================
ဇွန် ၅ ရက်မှ စတင်၍ နေပြည်တော်တွင် သုံးရက်ကြာ ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ်သည် ဇွန် ၇ ရက်တွင် အဆုံးသတ် သွားပြီဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ အစရှိသည့် နိုင်ငံပေါင်း ၅၀ ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း ၁၂၀၀ ကျော် တက်ရောက်ခဲ့သည့် ကမ္ဘာ့အဆင့် အခမ်းအနားတစ်ခုကို နေပြည်တော်တွင် ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ကျင်းပသွားနိုင်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ယခင်က မမြင်တွေ့ခဲ့ဖူးသည့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ နိုင်ငံတကာ ဧည့်သည်များကြား လွတ်လပ်စွာ ရဲရဲဝံ့ဝံ့ ဆွေးနွေးပြောဆို ခဲ့မှုများကို မြင်တွေ့ခဲ့ရပြီး သမ္မတ ဦးသိန်းစိန်၏ အဖွင့်မိန့်ခွန်းတွင် အင်္ဂလိပ် ဘာသာစကားဖြင့် ပြောဆိုခဲ့မှုကလည်း မမြင်တွေ့ဖူးခဲ့သည့် ပြည်သူများအတွက် အမြင်ဆန်းစရာ ဖြစ်ခဲ့ရပါသည်။ ထိုအချက်သည် ယခင်အစိုးရ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သော သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတကာ စင်မြင့်ပေါ်သို့ ပြန်လည်တက်ရောက် လာနိုင်မှုကိုလည်း အဆိုပါ မြင်ကွင်းများက ပြဆိုနေပါသည်။ စီးပွားရေးဖိုရမ် တက်ရောက်လာသူ အများအပြားပင် ပွင့်လင်းမှု ရှိလာသည့် မြန်မာအစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပေါ် နှစ်သက်မှု ရှိခဲ့ကြသည်။ ထို့ပြင် ယခုကျင်းပ ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ အကြီးမားဆုံး အကျိုးအမြတ်မှာ စီးပွားရေး ဖိုရမ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အတိုက်အခံ အဖွဲ့နှင့် အစိုးရ အဖွဲ့တို့၏ ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင် နေမှုများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ မျက်မြင်တွေ့ခွင့် ရခဲ့ပြီး မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေး အပေါ်ကို ယုံကြည်မှုများ တိုးပွားသွားစေခဲ့ခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံအပေါ် အကောင်းမြင်လာမှုသည် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ၎င်းတို့၏ မျှော်လင့်ချက်နှင့် အမြင်သည် သူတို့မြင်တွေ့သွားခြင်း မရှိခဲ့သည့် လက်ရှိ မြန်မာပြည်သူများ၏ ပကတိ အခြေအနေနှင့် များစွာကင်းကွာမှု မရှိနေရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲ သုံးနှစ်သက်တမ်း ၀င်လာပြီ ဖြစ်သော်လည်း ပြည်သူများထံသို့ အပြောင်းအလဲ၏ အကျိုးကျေးဇူးများ မရောက်ရှိ လာနိုင်သေးပါ။ မည်သို့ပင်ဆိုစေ အတိုက်အခံနှင့် အစိုးရ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ခဲ့သော ယခု စီးပွားရေးဖိုရမ်သည် အောင်မြင်သော ဆွေးနွေးပွဲ တစ်ခုဖြစ်ခဲ့ပြီး မြန်မာ့စီးပွားရေး တိုးတက်မှု ဖြစ်စဉ်အတွက် တွန်းအားပေးရာတွင် များစွာ အထောက်အကူ ဖြစ်နိုင်လိမ့်မည်ဟု The Daily Eleven သတင်းစာက ယုံကြည်ပါကြောင်း ရေးသားအပ်ပါသည်။

Post by http://elevenmyanmar.com/

Post a Comment

 
Top