ပညာဒါန ကျောင်းတစ်ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် စာကျက်နေသော ကျောင်းသူတစ်ဦးအား တွေ့ရစဉ်
လည်းကောင်း၊ အကြားအမြင်၊ အတွေ့အကြုံ အဖတ်အရှုများမှတစ်ဆင့် ရရှိသော အသိပညာကို လည်းကောင်း ရရှိစေနိုင်သည်။ ထို့ကြောင့် အသိကို အကြောင်းရင်းခံပြုလျက် အသိဥာဏ်၊ အသိတရား၊ အသိပညာတို့ကို ရရှိစေနိုင်သည်။ လူတို့၏ အသိကို ကံသုံးပါး အမူအရာဖြစ်သော ကိုယ်အမူအရာ (ကာယကံ)၊ နှုတ်အမူအရာ (၀စီကံ)၊ စိတ်အမူအရာ (မနောကံ) တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်သည်။ မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင် အလိမ္မာ စာမှာရှိဟူသော ဆုံးမစကားသည် လူတို့၏ အသိဥာဏ်ကို ကံသုံးပါး အမူအရာဖြင့် ထိန်းသိမ်းနိုင်စွမ်း ရှိစေရန် စာပေအသိဟူသော အာနိသင်ဖြင့် ဖြည့်ဆည်းရမည်ဟု ရည်ညွှန်းခြင်းပင် ဖြစ်သည်။
စာပေ အသိဟူသည် လူတို့အတွက် လမ်းညွှန်ဆုံးမသော ဘ၀သင်ခန်းစာများကို စာပေကျမ်းဂန်များမှ ရရှိနည်းယူစေမှု ဖြစ်သည်။ ကျမ်းဂန်ဟူသည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဝေနေယျ သတ္တ၀ါများအတွက် လောကီနှင့် လောကုတ္တရာ အကျိုးနှစ်ဖြာကို ရရှိခံစားနိုင်စေရန် ထုတ်ဖော်ဟောကြား လမ်းညွှန်ဆုံးမချက် ဖြစ်သည်။ မြတ်စွာဘုရားရှင် ဟောကြားတော် မူခဲ့သော ကျမ်းဂန်များမှ လည်းကောင်း၊ မျက်မြင်လက်တွေ့ ဘ၀သင်ခန်းစာများမှ လည်းကောင်း၊ ရှေးဟောင်းနှောင်းဖြစ် ရာဇ၀င်နှင့် သမိုင်းအဖြစ်အပျက်များမှ လည်းကောင်း စိစစ်ထောက်ရှု့လေ့လာ မှတ်သားနည်းယူ လက်ခံ၍ ယင်းအကိုးအကား အထောက်များကို သက်သေပြု၍ စာပေပညာရှင်များသည် စာပေအသိများကို ဘ၀အသိ အဖြစ်သို့ လမ်းညွှန်ခဲ့သည်။
စာပေအသိကို အခြေခံလျက် ဘ၀အသိကောင်းများ ရရှိလက်ခံ ကျင့်သုံးနိုင်စေရန် ရည်စူး၍ လောကနီတိ ဆရာကြီးများကလည်း ပညာရှိတို့သည် ကျမ်းဂန်နှင့်ကင်း၍ စကားမဆိုကောင်း" ဟူ၍ မိန့်ဆိုခဲ့ကြသည်။ နီတိကျမ်းများကို ကျမ်းဂန်တော်လာ သြ၀ါဒကထာတို့ဖြင့် အရာရာကို ထောက်ထားစိစစ်၍ အဆီအနှစ်ဖော်ထုတ် စာပေလမ်းညွှန်မှု ပြုခဲ့ကြသည်။ ကျမ်းဂန်များ၊ နီတိကျမ်းလာ ဆုံးမလမ်းညွှန်မှုများကို အခြေခံလျက် မြန်မာ့သမိုင်း၏ ခေတ်အဆက်ဆက် စာပေလမ်းကြောင်း တစ်လျှောက်၌ နားလည်သဘောပေါက် လက်ခံလွယ်စေသော ခေတ်စကား၊ ခေတ်အသုံးအနှုန်းတို့ဖြင့် စာပေအသွင်သစ် ပြုပြင်ဖန်တီး၍ စာပေအသိမှ ဘ၀အသိများ တိုးပွားဖွံ့ဖြိုး စေရန်အတွက် ဆုံးမစာများဖြင့် လမ်းညွှန်ဆုံးမခဲ့ကြသည်။ သာဓကအားဖြင့်-
"သားသမီးငယ်က၊ မဆုံးမသော်၊ မိဘတစ်လည်၊ ရန်သူမည်၏" ဟူသော ဆိုးရိုး၊ ဆုံးမစကားသည် လက်ဦးဆရာဖြစ်သည့် မိဘတို့သည် သားသမီးတို့အား ငယ်ရွယ်စဉ်ကပင် မကောင်းမြစ်တာ၊ ကောင်းရာညွှန်ကြားရမည်။ ဆုံးမသွန်သင်မှု ပြုရမည်။ သို့မဟုတ်လျှင် ကြီးပြင်းလာသော အရွယ်တွင်မူ ပြုပြင်သွန်သင် ဆုံးမရန် ခက်ခဲမည်ဟူ၍ လမ်းညွှန်ခဲ့သည်။
=====================================================
စာပေမှ ရရှိသော
အသိဥာဏ်၊ အသိတရားများကို အရင်းတည်လျက် ဘ၀၏ အသိတရားများ တိုးပွားစေရန်အတွက် ကိုယ်နှုတ်စိတ်နှလုံးဟူသော
ကံသုံးပါးကို ထိန်းသိမ်းစောင့်ရှောက် ပြုမူဆောင်ရွက် ကျင့်ကြံနေထိုင်ခြင်းဖြင့် ဘ၀၏
အဆိုးနှင့်အကောင်း၊ အကြောင်းနှင့် အကျိုးများကို ဆင်ခြင်တုံတရား အခြေခံလျက် ဘ၀၏သတိကို
ရစေနိုင်သည် . . . . .
================================================
လူတို့၏ အသိစိတ် အစဉ်သည် အရွယ်မရွေးဘဲ မကောင်းမှုများ၌ မွေ့လျော်နှစ်သက်
တတ်သည်။ ထို့ကြောင့် စိတ်ဆင်ရိုင်းကို အသိပညာဟူသော ချွန်းဖြင့်ထိန်းသိမ်း
ဆုံးမသင့်သည်။ စာပေအသိ အရင်းတည်၍ ဘ၀အသိ ရင့်ကျက်စေမှု ရရှိစေရေးတွင်
ဆုံးမစာများ၏ အာနိသင်သည် ထိရောက်ထက်မြက်မှု ရှိခဲ့သည်။စာပေအသိမှထပ်ဆင့် လူတို့၏ ဘ၀အသိကို ရရှိနိုင်စွမ်း ရှိစေမှုနှင့်အတူ စာပေမှ ရရှိသော ဘ၀အသိမှ တစ်ဆင့်လည်း ဘ၀သတိကိုလည်း ဖြစ်စေနိုင်စွမ်း ရှိသည်။ စာပေအသိမှ ဘ၀အသိသို့ လည်းကောင်း၊ ဘ၀အသိမှ ဘ၀သတိသို့ လည်းကောင်း တက်လှမ်းနိုင်မှု အာနိသင်အစွမ်းကို အမျိုးသားရေး စာဆိုတော်ကြီး ဆရာဇော်ဂျီက
"စာပေကောင်းကို ဖတ်ရလျှင် ပတ်ဝန်းကျင် ဘ၀ကိုလည်း သတိပြုမိလာနိုင်စရာ အကြောင်းရှိပါသည်။ ပတ်ဝန်းကျင်ဘ၀ကို သတိပြုမိသူသည် မိမိ၏ ကိုယ်စိတ်နှလုံးကို သုံးသည့်အခါတိုင်း ဆင်ခြင်တတ်ခြင်း ရှိလာ၍ မိမိတစ်ဦးတည်း၏ အကျိုးစီးပွား အတွက်သာမက ပတ်ဝန်းကျင်ဘ၀၌ မိမိကဲ့သို့ပင် သုခ၊ ဒုက္ခအမျိုးမျိုးနှင့် ကျင်လည်နေကြကုန်သော သတ္တ၀ါခပ်သိမ်း၏ အကျိုးစီးပွား အတွက်လည်း ကြည့်တတ်၊ မြင်တတ်၊ ကရုဏာ ဖြစ်တတ်လာနိုင်စရာ အကြောင်းရှိသည်ဟု ထင်ပါသည်" ဟူ၍ဖော်ထုတ် တင်ပြခဲ့သည်။
စာပေအသိမှ ဘ၀အသိသို့ လည်းကောင်း၊ ဘ၀အသိမှ ဘ၀သတိသို့ လည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်း၍ ဘ၀၏ ရင့်ကျက်တည်ငြိမ်မှုကို လျှောက်လှမ်းနိုင်စေရေးအတွက် စာပေသမိုင်းကြောင်း ခေတ်အဆက်ဆက်တွင် စာပေပညာရှင်များသည် စာပေအဖွဲ့ အနွဲ့မျိုးစုံဖြင့် ဖွဲ့နွဲ့လမ်းညွှန် ဆုံးမမှုဖြင့် အမျိုးသားရေး အနှစ်သာရကို ဤသို့စောင့်ရှောက် ထိန်းသိမ်းခဲ့၊ ဖွံ့ဖြိုးတိုးတက် စေခဲ့သည်။
အင်းဝခေတ်စာဆို ကန်တော်မင်းကျောင်း ဆရာတော်၏ လောကသာရ ဆုံးမစာတွင်
"မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း" ဟူ၍ လည်းကောင်း၊
ကုန်းဘောင်ခေတ်စာဆို ဆရာတော် ဦးဗုဓ်၏ လူ့ကျင့်ဝတ်ဆိုင်ရာ ဂီဟိဝိနယ ဆုံးမစာတွင်
"ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာနည်းရှား၊ ဤခြောက်ပါးကား သောက်စားသေစာ အပြစ်တည်း"
"အစွမ်းပြည့်ခွန်၊ အလွန်မူစိုး မိုးချုပ်လှသော၊ စောလွန်းလှယောင်၊ ဆာလောင်ပြင်းလှ၊ ၀မ်းဝလွန်ထွေ၊ နေကဥစ္စာ၊ မဖြစ်ရာသည်၊ ခြောက်ဖြာပျင်းသူ အပြစ်တည်း" ဟူ၍လည်းကောင်း
ကုန်းဘောင်ခေတ်နှောင်း စာဆိုကြီး ညောင်ပင်သာ ဦးပုည၏ သုတရတနာ ကျမ်းတွင်လည်း
"မိတ်ဆွေတို့မှာ ဖြောင့်မှန်စွာ သစ္စာမဖောက်နှင့်။ လွန်ပြီးဥစ္စာ ပေးပြီးခါ၊ သဒ္ဓါမပျက်နှင့်။ ဥစ္စာကိုရှာ၊ လုံ့လရာ၊ မ၀ါမကြွားနှင့်၊ ပညာထိုးထွင်း၊ တတ်လိုလျှင်း၊ မပျင်းမရိနှင့်။ မတည်မကြည် သူဆိုသည် အရှည်မယုံနှင့်။ ချစ်လွယ်မုန်းလွယ် ပြုသူဝယ်၊ အကယ်မပေါင်းနှင့်။ ကိုယ်နှင့်မစာ လူတကာ မေတ္တာမတုံးနှင့်" ဟူ၍လည်းကောင်း လမ်းညွှန်ဆုံးမခဲ့သည်။
လူတို့၏ အသိကို ဆင်ခြင်တတ်မှု၊ နားလည်သိတတ်မှုဟူသော ဥာဏ်ပညာအသိ အမြင်ဟူသည် အသိဥာဏ် ရင့်ကျက်လာစေရန် စာပေကောင်းတို့ကို လေ့လာဖတ်ရှု လိုက်နာကျင့်သုံး ပြုစုပျိုးထောင်ရမည်။ စာပေမှ ရရှိသော အသိဥာဏ်၊ အသိတရားများကို အရင်းတည်လျက် ဘ၀၏ အသိတရားများ တိုးပွားစေရန်အတွက် ကိုယ်နှုတ်စိတ်နှလုံးဟူသော ကံသုံးပါးကို ထိန်းသိမ်းစောင့်ရှောက် ပြုမူဆောင်ရွက် ကျင့်ကြံနေထိုင်ခြင်းဖြင့် ဘ၀၏ အဆိုးနှင့်အကောင်း၊ အကြောင်းနှင့် အကျိုးများကို ဆင်ခြင်တုံတရား အခြေခံလျက် ဘ၀၏သတိကို ရစေနိုင်သည်။
ထို့ကြောင့် "အလိမ္မာ စာမှာရှိ" ဟူသော စာပေအသိကို စုဆောင်း၍ ဘ၀အသိနှင့် ဘ၀သတိတို့ တိုးတက်ဖွံ့ဖြိုး လာစေရန် ကန်တော်မင်း ကျောင်းဆရာတော်၏ လမ်းညွှန်မိန့်ဆိုခဲ့သော
မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း" ဟူသော သြ၀ါဒနှင့်အညီ လက်တွေ့ကျင့်သုံး ဆောင်ရွက်ပြုမူ နေထိုင်ခြင်းသည် လောက၏ မင်္ဂလာပင် ဖြစ်ပေသည်။
ကျမ်းကိုး
၁။ ဟံသာဝတီ ဆုံးမစာပေါင်းချုပ် (ဟံသာဝ တီပုံနှိပ်တိုက်)
၂။ စာအုပ်စင်နှင့် ကျွန်တော်(ဇော်ဂျီ)
Post a Comment